
ဒီနှစ်ကျောင်းဖွင့်ရာသီမှာ ကျောင်းထွက်လက်မှတ်တွေကို နှစ်ကျော့ပြန်ပို့ရတာကြောင့် ကုန်စရိတ်ပိုများလာတယ်လို့ မိဘတွေဆီက သိရပါတယ်။
ကျောင်းသားသစ်တယောက်အနေနဲ့ မိမိစားပွဲအောင်မြင်ခဲ့တဲ့ကျောင်းမှ ကျောင်းထွက်လက်မှတ်ယူပြီး အပ်မယ့်ကျောင်းကိုပေးရကာ အဲ့ဒီကျောင်းက ပေးတဲ့စာရွက်ကို မူလတက်ခဲ့တဲ့ကျောင်းကို ပြန်ပို့ရတာလို့ မိဘတယောက်က DVB ကို ပြောပါတယ်။
“အခုက ကျောင်းထွက်လက်မှတ်ယူပေးရုံနဲ့မရဘူး၊ ကျောင်းအပ်လက်ခံမယ့် ကျောင်းက အကြောင်းကြားစာကို ကျောင်းထွက်လက်မှတ်ယူခဲ့တဲ့ကျောင်းကို ပြန်ပို့ပေးရတာ၊ အလုပ်ပိုရှုပ်ပြီး နှစ်ခါကုန်တယ်။ ရန်ကုန်တိုင်းအတွင်းဆို ပြဿနာမရှိပေမဲ့ နယ်ဝေးဆို ပိုပြီးခက်ခဲတယ်။”
ရန်ကုန်တိုင်းကနေ အခြားပြည်နယ်နဲ့တိုင်းတွေကို ပြောင်းရွှေ့နေထိုင်သူတွေအနေနဲ့ ဒီနှစ်ပညာသင်နှစ်မှာ ကျောင်းထွက်လက်မှတ်အတွက် အတော်ဒုက္ခများရတယ်လို့ ကျောင်းသားမိဘတယောက်က DVB ကို ပြောပါတယ်။
“ကျောင်းထွက်လက်မှတ်ကို ကျောက်ဆည်ကနေ ရန်ကုန်မှာ လာယူတာ။ အရင်ကလို ပြီးပြီထင်လို့ပြန်လာတာ၊ ကျောက်ဆည်ရောက်တော့ အပ်တဲ့ကျောင်းက ရန်ကုန်ကကျောင်းကို စာပြန်ပို့ပေးပါဆိုလို့ သွားပြန်ပို့ရတယ်။”
အိမ်မှာလူပိုမရှိတာကြောင့် ကျောင်းထွက်လက်မှတ် TC ကို ခရီးသွားကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ ပို့ချင်ပေမဲ့ လက်ရှိခေတ်ကာလအခြေအနေအရ အာမခံချက်မပေးနိုင်၊ လက်မခံဘူးလို့ ဆိုပါတယ်။
ကုန်စည်ပို့သူတယောက်က “အခြားပစွည်းတွေက ပျောက်သွားရင် အစားပြန်လျှော်လို့ရတယ်၊ ကျောင်းထွက်လက်မှတ်ကျတော့ ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းဆိုတော့ ပြန်လျှော်လို့မရဘူး၊ ဒါကြောင့် အာမခံချက်မပေးနိုင်လို့ လက်မခံတာ” လို့ DVB ကို ပြောပါတယ်။
ပညာရေးစနစ်က ချမှတ်လိုက်တဲ့ မူဝါဒတွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ထိခိုက်စေပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။
စစ်အာဏာရှင်အစိုးရ ပညာရေးဝန်ကြီးဌာနက မတ် ၂၈ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ ရှမ်းမြောက်၊ ကချင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေကို ကျောင်းထွက်လက်မှတ် TC မပါဘဲ ကျောင်းအပ်လက်မခံဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
ဒီကနေ့အထိ ရန်ကုန်မှာ ကျောင်းထွက်လက်မှတ် TC အခက်အခဲကြောင့် ကျောင်းမအပ်ရသေးတဲ့ ၁၁ တန်းနဲ့ ၁၂ တန်း ကျောင်းသား ၊ကျောင်းသူတွေ အများအပြား ရှိနေပါတယ်။










