ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကို ထုတ်ပယ်ဖို့ စည်းရုံးလှုံ့ဆော်သူတွေဟာ အင်ဖန်တီနိုနဲ့ အဖွဲ့အစည်းကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဖီဖာက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
Daily Telegraph သတင်း ဖော်ပြချက်အပြီးမှာ ဖီဖာက အခုလို ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။
အင်ဖန်တီနိုဟာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) မှာ ၂၀၀၉ ကနေ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း ချစ်သူလို့ စွပ်စွဲထားသူကို ငွေပေးပြီး ဖြတ်တောက်ခဲ့တယ်လို့ Daily Telegraph က ဖော်ပြခဲ့တာပါ။
အင်ဖန်တီနိုဟာ ဖီဖာကို မပြောင်းမီ UEFA မှာ အထွေထွေအတွင်းရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး အဲဒီအချိန်က အိမ်ထောင်ကျပြီးသူ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
အဲဒီအချိန်က အင်ဖန်တီနိုနဲ့ ချစ်ကြိုက်နေတယ်လို့ စွပ်စွဲဖော်ပြတဲ့ အမျိုးသမီး ၁ ယောက်ကို UEFA ကနေ ထွက်ခွာခွင့် လျော်ကြေးနဲ့ MBA တက်ရောက်ဖို့ ငွေကြေးထောက်ပံ့ခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။
အဲဒီအမျိုးသမီးကို ဂဏန်း ၆ လုံးပမာဏ ငွေကြေးပမာဏကို UEFA က ပေးချေခဲ့ရတယ်လို့ Telegraph က ဖော်ပြထားပါတယ်။
ဒီဖော်ပြချက်ဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်ကြောင်း၊ ထင်ကြေးပေးမှုတွေ ထိုးနှက်တိုက်ခိုက်မှုတွေက အဖြစ်မှန်မဟုတ်ကြောင်း ဖီဖာပြောရေးဆိုခွင့် ရှိသူ ၁ ယောက်က ဖြေရှင်းထားပါတယ်။
ဒါပေမဲ့ အဲဒီအချိန်က အမျိုးသမီးကို ဒေသတွင်းကောလိပ်မှာ MBA သင်တန်းကြေးထောက်ပံ့ပေးနဲ့ အလုပ်ကနေ ထွက်ခွာချိန် လျော်ကြေးငွေပေးခဲ့ရတယ်လို့ UEFA က အတည်ပြုထားပါတယ်။
အင်ဖန်တီနိုဟာ ဖီဖာရဲ့ ရှယ်ယာတွေ ရောင်းချမဲ့ FFE အဆိုပြုချက်ခဲ့ပြီးနောက် ဝေဖန်မှုတွေကြောင့် ပြန်ရုပ်သိမ်းခဲ့ရပေမဲ့ ဥရောပဘောလုံးအဖွဲ့အစည်းတွေနဲ့ UEFA ရဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အင်ဖန်တီနိုကို အယုံအကြည်မရှိကြောင်း UEFA က ပြောထားသလို နော်ဝေဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကလည်း အင်ဖန်တီနို နုတ်ထွက်ဖို့လိုတယ်လို့ ဆိုပါတယ်။
“ဖီဖာဥက္ကဋ္ဌရာထူးကို ဒီမိုကရေစီနည်းလမ်းအတိုင်း ဖီဖာရဲ့အဖွဲ့ဝင် အဖွဲ့အစည်းနဲ့ နိုင်ငံတွေက ရွေးထားတာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌနဲ့ အဖွဲ့အစည်းကို တိုက်ခိုက်ဖို့ ဆက်ပြီး လုပ်ဆောင်မှုတွေက ပိုပြီး ထင်ရှားလာပါတယ်”လို့ ဖီဖာက စနေနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဖီဖာ အဖွဲ့ဝင်နိုင်ငံ ၂၁၁ က မဲမပါဘဲ အင်ဖန်တီနိုကို ဖြုတ်ချဖို့ ကြိုးစားမှုမှန်သမျှ ပယ်ချမယ်လို့လည်း တောင်အမေရိကဘက်ကလည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ အင်ဖန်တီနိုကို ၅၄ နိုင်ငံ ပါဝင်တဲ့ အာဖရိကဘောလုံးအဖွဲ့ချုပ်ကလည်း တညီတညွတ်တည်း ထောက်ခံထားပါတယ်။
Source: Reuters










