
ကမ္ဘာ့ရေနံ ငါးပုံ တပုံလောက် စီးဆင်းရာ ဟော်မုဇ်ရေလက်ကြားမှာ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုအတွက် အီရန်နိုင်ငံသား ၂ ယောက်နဲ့ အစ္စလာမ်တော်လှန်ရေး အစောင့်တပ်က တပ်ဖွဲ့တခုအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တယ်လို့ ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲက ဇွန် ၈ ရက်မှာ ပြောပါတယ်။
ဘရပ်ဆဲလ်မြို့တော်က အစည်းအဝေးမှာ EU အဖွဲ့ဝင်နိုင်ငံတွေက ဟော်မုဇ်ရေလက်ကြားကတဆင့် သယ်ယူပို့ဆောင်ရေးကို နှောင့်ယှက်ရာမှာ ပါဝင်ပတ်သက်တဲ့ အီရန်နိုင်ငံသားတွေနဲ့ အဖွဲ့အစည်း တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အတည်ပြုခဲ့တာပါ။
နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ ဥရောပသမဂ္ဂ အကြီးအကဲ ကာဂျာ ကားလက်စ်က “EU ဟာ လွတ်လပ်စွာ ရေကြောင်းသွားလာမှုအတွက် ပိတ်ဆို့အရေးယူမှုစနစ်အသစ်ကို ပထမဆုံးအကြိမ် ကျင့်သုံးခဲ့တာဖြစ်ပြီး လိုအပ်ရင် ကျမတို့က ထပ်ကျင့်သုံးမယ်”လို့ ဘရပ်ဆဲလ်မြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
EU ဟာ အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) ရေတပ်ရဲ့ ဟော်မုဇ်ဂံ ပြည်နယ်ကွပ်ကဲမှု ဌာနချုပ်အပြင် မိုဟမ်မဒ် အက်ခ်ဘာဇာဒါနဲ့ ဟာမစ်ဒ် ဟူစိန်နီတို့ကို ပိတ်ဆို့အရေးယူမှုစာရင်းမှာ ထည့်သွင်းခဲ့တယ်လို့ ကြေညာချက်တစောင်ထဲမှာ ပြောခဲ့ပါတယ်။
အက်ခ်ဘာဇာဒါဟာ IRGC ရေတပ်ရဲ့ နိုင်ငံရေးရာ ဒုတိယတပ်မှူးဖြစ်ပြီး ဟူစိန်နီကတော့ အီရန်ရဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံဓာတုထုတ်ကုန်များ တင်ပို့သူများသမဂ္ဂရဲ့ ကိုယ်စားလှယ်တယောက် ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်-အစ္စရေးတို့က အီရန်အပေါ် စတင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဖို့ လှုပ်ရှားခဲ့ပါတယ်။
Source: Reuters










