
မြန်မာစစ်အာဏာရှင်အုပ်စုအပေါ် ဥရောပသမဂ္ဂ (EU) ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ လစ်ဟာနေတဲ့ ဟာကွက်တွေကို အမြန်ဆုံး တားဆီးပိတ်ပင်ဖို့ ဥရောပအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး စည်းရုံး လှုံ့ဆော်နေတဲ့ အဖွဲ့အစည်း ၁၄ ဖွဲ့က အောက်တိုဘာ ၂၀ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်အာဏာရှင်တပ်အတွက် ဂျက်လေယာဉ်ဆီ ပံ့ပိုးပေးနေတဲ့ ဓာတ်ငွေ့လုပ်ကွက်မှာ ဥရောပကုမ္ပဏီတွေ ပါဝင်လုပ်ကိုင်နေမှု၊ မြန်မာစစ်တပ်က ကိုယ်ပိုင် ဂျက်လေယာဉ်ဆီချက်စက်ရုံ စတင်လည်ပတ်နေပြီဖြစ်လို့ ဥရောပကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံရှိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေမှာ ဆက်လက်ပါဝင် ဆောင်ရွက်နေနိုင်စေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ဟာကွက်တွေ ကို ဥရောပသမဂ္ဂ (EU) အနေနဲ့ အရေးပေါ် ပိတ်ပင်တားဆီးပေးဖို့ တောင်းဆိုလိုက်တာပါ။
လွန်ခဲ့တဲ့အပတ်က မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ဂျက်လေယာဉ်ဆီ ချက်လုပ်နိုင်စွမ်းရှိတဲ့ သန်လျင်ရေနံချက်စက်ရုံကို တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။
ဒါဟာ အရပ်သားတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တမင်တကာ ဗုံးကြဲတိုက်ခိုက်နေချိန်မှာ အခုလို ဂျက်လေယာဉ်ဆီ ရရှိဖို့ ပိုမိုလွယ်ကူသွားနိုင်တာဟာ အင်မတန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။
၂၀၂၂ ခုနှစ်မှာ အီးယူဟာ စစ်အာဏာရှင်တပ်အတွက် နိုင်ငံခြားဝင်ငွေ အဓိကရှာပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။
ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကရတဲ့ ဝင်ငွေတွေဟာ စစ်အာဏာရှင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘဏ္ဍာငွေ ထောက်ပံ့ပေးနေတာကြောင့် ပိတ်ဆို့ခဲ့တာဖြစ်ပေမဲ့ ရေနံနဲ့ ဓာတ်ငွေ့ထုတ်လုပ်ရေး ကဏ္ဍတခုလုံးကို မပိတ်ဆို့ဘဲ MOGE တခုတည်းကိုပဲ ပိတ်ဆို့ခဲ့တာကြောင့်၊ MOGE နဲ့ တိုက်ရိုက် စာချုပ်ချုပ်ဆိုထားတာ မဟုတ်ရင် ဥရောပကုမ္ပဏီတွေအနေနဲ့ မြန်မာ့ဓာတ်ငွေ့ကဏ္ဍမှာ ဆက်လက်လုပ်ကိုင်နိုင်ခွင့် ရနေတဲ့ လစ်ဟာမှုရှိနေတာ ဖြစ်ပါတယ်။
အထူးသဖြင့် SED Energy ကုမ္ပဏီဟာ ဆိုက်ပရပ်စ်မှာ မှတ်ပုံတင်ထားပြီး နော်ဝေ စတော့အိတ်ချိန်းမှာ စာရင်းဝင်ထားတဲ့ ရေနံနဲ့ ဓာတ်ငွေ့ဝန်ဆောင်မှု ကုမ္ပဏီတခုဖြစ်ကာ မြန်မာနိုင်ငံရှိ ဇောတိကဓာတ်ငွေ့လုပ်ကွက်မှာ ပါဝင်လုပ်ကိုင်နေပါတယ်။
အဆိုပါကုမ္ပဏီဟာ မြန်မာစစ်တပ်ကို အဓိက ဘဏ္ဍာငွေ ထောက်ပံ့ပေးနေသူထဲက တခုဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ရှာဖွေရေးကုမ္ပဏီ PTTEP နဲ့ စာချုပ်ချုပ်ဆိုထားတာလည်း ဖြစ်ပါတယ်။
လတ်တလော ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်အာဏာရှင်လေတပ်အတွက် လေယာဉ်ဆီ ချက်လုပ်ပေးနေတဲ့ သန်လျင်ရေနံချက်စက်ရုံကို ဇောတိကဓာတ်ငွေ့လုပ်ကွက်ကနေ သဘာဝဓာတ်ငွေ့တွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။
ဒါဟာ ဥရောပကုမ္ပဏီတခုအနေနဲ့ စစ်တပ်အတွက် အဓိကဝင်ငွေရရှိစေမဲ့ ဓာတ်ငွေ့လုပ်ကွက် လည်ပတ်မှုတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေရုံတင်မကဘဲ၊ စစ်တပ်က အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ပြီး အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်ရာမှာ အသုံးပြုမဲ့ လောင်စာဆီ ထောက်ပံ့ပေးနိုင်ခြေရှိတဲ့ ဓာတ်ငွေ့လုပ်ကွက်မှာ ပါဝင်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာတော့ “လာမဲ့ အောက်တိုဘာ ၂၉ ရက်ဆိုရင် အီးယူအနေနဲ့ မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ မချမှတ်ခဲ့တာ ၂ နှစ် တပြည့်တော့မှာ ဖြစ်ပါတယ်။ အီးယူရဲ့ အခုလို အချိန်ဆွဲပေးထားမှုကြောင့် မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်ဟုန်မြှင့် လုပ်ဆောင်နိုင်ခဲ့ပြီး ပြည်သူထောင်ပေါင်းများစွာ ထပ်မံသေဆုံးခဲ့ရပါတယ်။ ဒါကြောင့် ဥရောပကုမ္ပဏီတွေ မြန်မာ့ဓာတ်ငွေ့ကဏ္ဍမှာ ဆက်လက်လုပ်ကိုင်ခွင့် ရနေစေတဲ့ ဓာတ်ငွေ့ဝင်ငွေဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု ဟာကွက်ကို အီးယူအနေနဲ့ အခုချက်ချင်း ပိတ်ပင်ရပါမယ်”လို့ ဖော်ပြထားပါတယ်။
အီးယူအနေနဲ့ မြန်မာစစ်တပ်ထံ စီးဝင်နေတဲ့ ဘဏ္ဍာငွေ၊ လက်နက်နဲ့ စက်ကိရိယာ အထောက်အပံ့ ရရှိရာလမ်းကြောင်းတွေကို ပုံမှန် မပြတ်မတောက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်သွားမဲ့ မူဝါဒကို ပြန်လည်စတင်ရဖို့၊ အီးယူအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို နှစ်စဉ် ဧပြီလတိုင်းမှာ သက်တမ်းတိုး မြှင့်တင်ဖို့ တောင်းဆိုပါတယ်။
နောက်တကြိမ် ပိတ်ဆို့ဒဏ်ခတ်မှု သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ စတင်တဲ့အခါ အရပ်သားတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လွှဲပြောင်းငွေတွေကို အကာအကွယ်ပေးနိုင်ဖို့ တင်းကျပ်တဲ့ အကာအကွယ်တွေ ထားရှိဖို့၊ ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ ပစ်မှတ်ကို ကြားပွဲစားတွေ၊ ဘဏ္ဍာရေး အထောက်အပံ့ပေးသူတွေနဲ့ ဒေသတွင်း ချိတ်ဆက်ပြီး ပိတ်ဆို့မှုကို ရှောင်လွှဲနေတဲ့ ကွန်ရက်တွေအထိ တိုးချဲ့လွှမ်းခြုံနိုင်ရေး ပါဝင်စဉ်းစားဖို့လည်း တိုက်တွန်းထားပါတယ်။
အဖွဲ့အစည်း ၁၄ ဖွဲ့ရဲ့ တိုက်တွန်းပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ (EU) ဘက်တော့ ပြန်လည် တုံ့ပြန်တာ မရှိသေးပါဘူး။











