
ရန်ကုန်တိုင်း၊ လမ်းမတော်နဲ့ လသာမြို့နယ်တို့မှာ သြဂုတ် ၁၁ ရက် မနက်ကနေ ည ၆ နာရီအထိ ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားသူ ၃၉ ယောက်အထိရှိပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
လူနာတွေကို အရေးပေါ်ဌာနမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကုသဆောင်ဖွင့်ပြီး ကုသပေးဖို့ စီစဥ်နေတယ်လို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“လမ်းမတော် နဲ့ လသာမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ တော်တော်ဖြစ်နေတာ။ မနေ့က ဆေးရုံကို ရောက်လာတာ ၃၉ ယောက်ရှိတယ်။ သူတို့ထဲမှာ ကာလဝမ်းရောဂါ ပါ၊ မပါ စစ်ဆေးနေတယ်။ ဆေးရုံဘက်က အရေးပေါ်ဌာနကုသဆောင်ဖွင့်ပြီး ကုဖို့ စီစဥ်နေတယ်။”
ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မိုးရာသီမှာ အဖြစ်များတာကြောင့် မသန့်ရှင်းတဲ့ရေ၊ မသန့်ရှင်းတဲ့ အစားအသောက်တွေကို မစားသောက်ဖို့ လိုတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်က ရန်ကုန်တိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၅၀၀ ကျော်ရှိပြီး အဲဒီထဲက ၆ ယောက် သေဆုံးခဲ့ပြီးနောက် ဝေဖန်မှုမြင့်တက်ခဲ့ပါတယ်။
ကျန်းမာရေးဝန်ထမ်းတယောက်က “ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ပတ်သက်ရင် ရန်ကုန်မှာ ၂၀၂၄ ခုနှစ်က ၆ ယောက်သေပြီးကတည်းက အသိပေးထုတ်ပြန်ချက်တွေ ကျန်းမာရေးဘက်က မထုတ်ပြန်တော့တာ။ ဝမ်းပျက်ဝမ်းလျှောဆိုတာထက် အဲကတဆင့် ကာလဝမ်းရောဂါဖြစ်ရင် ကူးစက်မြန်တယ်၊ လူပါသေနိုင်တယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ရင် လူထုကို အသိပေးသင့်တယ်” DVB ကို ပြောပါတယ်။
၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်အထိ ရန်ကုန်တိုင်းအတွင်း နှစ်စဥ် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ဦးရေနဲ့ သေဆုံးသူဦးရေကို စစ်အာဏာရှင် ကျန်းမာရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ခြင်း မရှိပါဘူး။
Photo: YGH










