
အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းကို ပြန်စဖို့ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ မုံရွာ-ကနီ-ချောင်းမ-ယာကြီး-မင်းကင်း-ကလေးဝ လမ်းပိုင်းကို စိုးမိုးနိုင်ဖို့ စစ်အာဏာရှင်တပ်က ထိုးစစ်ဆင်နေပါတယ်။
စစ်အာဏာရှင်အနေနဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းကို ပြန်စဖို့အတွက် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်မှာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေတယ်လို့ စစ်အာဏာရှင်သမ္မတက ပြောပါတယ်။
စစ်အာဏာရှင်သမ္မတရဲ့ မေ ၃၀ ရက်ကနေ ဇွန် ၃ ရက်အထိ အိန္ဒိယကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ အိန္ဒိယအခြေစိုက် DD India သတင်းဌာနနဲ့ အင်တာဗျူးမှာ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းကို ပြန်စဖို့အတွက် ပြောဆိုခဲ့ပါတယ်။
အဲဒီလိုပြောဆိုပြီး နောက်ပိုင်း စစ်ကြောင်းထိုးနေရာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ကို စစ်အာဏာရှင်တပ်က ဇွန် ၂၀ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်တပ်က ခါမ်းပါတ်မြို့သာမက ကလေး-တမူး လမ်းမကြီးကို အလုံးစုံထိန်းချုပ်ဖို့ စစ်အာဏာရှင်တပ်သား အင်အားထောင်ချီနဲ့ စစ်ကြောင်း ၂ ကြောင်းထိုးပြီး တိုက်ခိုက်နေတယ်လို့ တမူးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“တော်လှန်ရေးတပ်တွေ အနေနဲ့ ခါမ်းပါတ်-ဝိတုတ်အထိ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ တမူးက ထိုးစစ်ဆင်လာတဲ့ စကစ စစ်ကြောင်းကို အိန္ဒိယအနေနဲ့ ပို့ဆောင်ရေးမှာ ကူညီဆောင်ရွက်ပေးနေတော့ တလရတပ်တွေ အနေနဲ့ တိုက်ခိုက်ရေးမှာ အကျပ်အတည်း ဖြစ်နေပါတယ်။ အဓိက တမူးကနေ ထိုးလာတဲ့ စစ်ကြောင်းမှာ အိန္ဒိယနိုင်ငံမှာ နေထိုင်တဲ့ ကသည်း PLA, KYK, တပ်ဖွဲ့တွေက များစွာ ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ ကသည်းတပ်ဖွဲ့တွေ စကစဘက်က ပါဝင်တိုက်နေတာကို အိန္ဒိယကတော့ ယနေ့အချိန်အထိ မျက်ကွယ်ပြုထားဆဲ ဖြစ်ပါတယ်။”
အိန္ဒိယအစိုးရရဲ့ အရှေ့မျှော်မူဝါဒအရ အာဆီယံနိုင်ငံတွေရဲ့ စီးပွားရေးထဲ ပါဝင်နိုင်ဖို့ရာ မြန်မာနိုင်ငံက အာဆီယံ-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းရဲ့ အဓိဝင်ပေါက် ဖြစ်နေပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကလေး-တမူးလမ်းမကြီးကို ပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်ရုံသာမကဘဲ ၃ နိုင်ငံ အဝေးပြေးလမ်းကြောင်းပေါ်က မုံရွာ-ကနီ-ချောင်းမ-ယာကြီး-မင်းကင်း-ကလေးဝလမ်းပိုင်းကို စိုးမိုးနိုင်ဖို့အတွက်လည်း စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဒီလို ၃ နိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းကို ပြန်စဖို့ ကြိုးပမ်းနေတာဟာ စစ်အာဏာရှင်သမ္မတက အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေရဲ့ ထောက်ခံမှုနဲ့ သူ့ရဲ့အာဏာကို တရားဝင်မှုရအောင် ကြိုးပမ်းနေတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ နယ်စပ်ဒေသက တော်လှန်ရေးအင်အားစုတွေကို လျစ်လျူရှုပြီး စစ်အာဏာရှင်အစိုးရနဲ့ပဲ အဆက်အဆံလုပ်နေတာဟာ မှားယွင်းနေသလို စစ်အာဏာရှင်ရဲ့ ၃ နိုင်ငံ ကုန်သွယ်ရေးလမ်းမ စီမံကိန်းဟာလည်း ဖြစ်နိုင်ခြေနည်းပါးတယ်လို့ စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်းအဖွဲ့ဝင် ကိုစိုးဝင်းဆွေက သုံးသပ်ပါတယ်။
“မြို့ကိုသိမ်းသွားတယ်၊ ရွာကိုသိမ်းသွားတယ် ဆိုတာက ဧရိယာတခုကို သိမ်းသွားတာ ဖြစ်နိုင်တယ်။ လမ်းပိုင်းဆိုတာက အဲလိုမဟုတ်ဘူးလေ၊ သဘောတရားအားဖြင့် ထောင့်ပေါင်းစုံကနေ ကြည့်လို့ရတဲ့ ဧရိယာကြီးလေ။ ဆိုတဲ့အခါကျတော့ လမ်းပိုင်းကို ထိန်းနိုင်တယ်၊ စိုးမိုးနိုင်တယ်ဆိုတဲ့ ကိစ္စကတော့ ပြည်သူ့ထောက်ခံမှု မရတဲ့သူအတွက်ကတော့ လမ်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ကိစ္စပါ။ ဆိုတဲ့အခါကျတော့ သူဘယ်လောက်အထိ ဘယ်လိုထိန်းချုပ်နိုင်မှာလဲ၊ ဒါကြီးက တကယ့်ချဲလန့်ကြီးပေါ့၊ ကျနော်ကတော့ မထင်ပါဘူး။ သူ့ကို ယုံကြည်ပြီးတော့ အိန္ဒိယအစိုးရက ဆက်ဆံနေဦးမယ် ဆိုရင်လည်း အိန္ဒိယရဲ့ တွက်ကိန်းတွေက မှားနေဦးမှာပဲ။”
စစ်အာဏာရှင်အစိုးရက ပြန်လည်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ ၃ နိုင်ငံ အဝေးပြေးလမ်းမကြီးဟာ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုရေးမြို့ကနေ စတင်ပြီး မြန်မာ-အိန္ဒိယ နယ်စပ် တမူး၊ ခါမ်းပါတ်၊ ကလေးဝ၊ မုံရွာ၊ မန္တလေးနဲ့ မြဝတီမြို့တွေကို ဖြတ်သန်းသွားပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။










