
မက္ကဆီကိုနိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာ အမျိုးသမီးသတ်ဖြတ်မှုတွေကို ဆန့်ကျင်ရေး ဆန္ဒပြပွဲအသစ် တွေ ထပ်မံပေါ်ပေါက်လာချိန်မှာပဲ မက္ကဆီကိုအလယ်ပိုင်းမှာ စပိန်တက္ကသိုလ်ကျောင်းသူ အသတ်ခံ ရမှုအတွက် သံသယရှိသူကို စက်တင်ဘာ ၁၆ ရက်မှာ ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်း မိုရေးလော့စ် ပြည်နယ်အစိုးရ ရှေ့နေက ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက် ညက ကွာဝုတ်တလာမြို့မှာ အသက် ၂၁ နှစ်အရွယ် ပညာရေးကျောင်းသူ ကလော်ဒီယာ တာကိုရွန်တေး အာဂီလဲရာ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဟာဗျဲရ် ဖရန်စစ္စကို ဟာဗျဲရ် အန်န် ဆိုသူကို အာဏာပိုင်တွေက လိုက်လံရှာဖွေနေတယ်လို့ မိုရေးလို့စ် ပြည်နယ်အစိုးရရှေ့နေ ဖှာနန်းဒို ဘလူမဲန်ခရွန် အက်စ်ကိုဘာရ်က ပြောပါတယ်။
သံသယရှိသူရဲ့ ကိုယ်ရေးအချက်အလက်ပြ ကတ်ပြားကိုလည်း နောက်ပိုင်းမှာ တရားဝင် ထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။
အသတ်ခံလိုက်ရတဲ့ ကျောင်းသူလေးဟာ ပညာသင်ဖလှယ်ရေး အစီအစဉ်နဲ့ မိုရေးလော့စ်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် (UAEM) ကို ရောက်လာတာ တလတောင် မပြည့်သေးပါဘူး။
အဲဒီ တက္ကသိုလ်ကျောင်းသူတွေ ကြုံတွေ့နေရတဲ့ အမျိုးသမီး သတ်ဖြတ်ခံရမှုတွေအတွက် မိုရေးလော့စ်ပြည်နယ် မြို့တော် ကွာရ်နားဗားကားနဲ့ ကွာဝုတ်တလာမြို့တို့မှာ ကျောင်းသူတွေက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ မက္ကဆီကိုရဲ့ ၂၁၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့နဲ့ တိုက်ဆိုင်နေပြီး ကွာရ်နားဗားကားမြို့က ဆန္ဒပြမှုကြောင့် စစ်ရေးပြအခမ်းအနားတောင် ခဏတာ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
လက်ရှိမှာ အာဏာပိုင်တွေအနေနဲ့ သံသယရှိသူကို မိုရေးလော့စ်ပြည်နယ်အတွင်းတင်မကဘဲ တခြား ပြည်နယ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တောင်းခံပြီး နိုင်ငံတဝန်း နယ်မြေကျော် လိုက်လံရှာဖွေ နေပါတယ်။
Source: Reuters











