DVB Logo
Home
မြန်မာသတင်း
ထရမ့်ပ်အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့် ရပ်ဆိုင်းမှုက ဘယ်သူတွေကို ထိခိုက်မလဲ
သုတချမ်းသာ
·
July 27, 2026
၂၀၂၅ ဇူလိုင်လက ဝါရှင်တန်ဒီစီ၊ မသန်စွမ်းကျန်းမာရေးစောင့်ရှောက်ခွင့် ဆန္ဒပြပွဲ။ (Photo: သုတချမ်းသာ)
၂၀၂၅ ဇူလိုင်လက ဝါရှင်တန်ဒီစီ၊ မသန်စွမ်းကျန်းမာရေးစောင့်ရှောက်ခွင့် ဆန္ဒပြပွဲ။ (Photo: သုတချမ်းသာ)
Donate to DVB

အမေရိကန်ပြည်ထောင်စုမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေကလွဲပြီး နိုင်ငံသားမဟုတ်တဲ့ နေထိုင်သူအများစုကို အစိုးရကျန်းမာရေးစောင့်ရှောက်မှု Medicaid ခံစားခွင့်ရပ်ဆိုင်းမဲ့အကြောင်း ထရမ့်ပ်အစိုးရက အသိပေးစာတွေ ပေးပို့နေပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေကလွဲပြီး နိုင်ငံသားမဟုတ်တဲ့ နေထိုင်သူအများစုကို အောက်တိုဘာ ၁ ရက်ကစပြီး အစိုးရကျန်းမာရေးစောင့်ရှောက်မှု Medicaid ခံစားခွင့်ရပ်ဆိုင်းမဲ့အကြောင်း သမ္မတထရမ့်ပ် အစိုးရက ကြေညာချက်ထုတ်ပြန်ပြီး ခံစားခွင့်ရယူနေသူတွေဆီကို အသိပေးစာတွေ ပေးပို့နေတာပါ။

ဖက်ဒရယ်အစိုးရရဲ့ မူဝါဒအသစ်ဟာ ဖက်ဒရယ်ရန်ပုံငွေသုံးစွဲမှုကို လျှော့ချမဲ့ ၂၀၂၅ ခုနှစ် ပြန်လည်သင့်မြတ်ရေးအက်ဥပဒေ (H.R. 1 / ဘတ်ဂျက်ပြန်လည်သင့်မြတ်ရေးဥပဒေ) 2025 Reconciliation Act (H.R. 1 / Budget Reconciliation Law) ကန့်သတ်ချက်အသစ်တွေအရ ဖြစ်ပေါ်လာတာပါ။

ဖက်ဒရယ်ညွှန်ကြားချက်ဖြစ်တဲ့အတွက် ပြည်နယ် ၅၀ လုံးအပေါ်ကို သက်ရောက်မှာဖြစ်ပေမဲ့ ပြည်နယ်တခုချင်းစီအလိုက် ဒေသဆိုင်ရာ မူလဥပဒေနဲ့ မူဝါဒရေးရာလွှမ်းခြုံမှု မတူတာကြောင့် သက်ရောက်ပုံ ကွဲပြားမှာဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတယောက်က “Medicaid က သမ္မတထရမ့်ပ် ရွေးကောက်ပွဲကမ်ပိန်းတွေမှာ တော်တော်လေး ဦးစားပေးပြောခဲ့တဲ့ ကိစ္စတခု ဖြစ်နေတာပေါ့။ တရားမဝင် ပြောင်းရွှေ့နေထိုင်သူတွေပြီးရင် တဆက်တည်း လိုက်လာတာက Medicaid ၊ Medicaid ကို လျှောက်ခွင့်မရှိဘဲ လျှောက်ပြီးတော့ Medicaid ပိုက်ဆံတွေကို ဖြုန်းနေကြတယ်၊ သုံးနေကြတယ်ဆိုတဲ့ အယူအဆကို အခြေခံတာပေါ့။ အဲဒီအတွေးအခေါ်ကို အခြေခံတယ် ဆိုပေမဲ့လည်း သူအဓိကပစ်မှတ်ထားတာက ဒီမိုကရက်ပြည်နယ်တွေလို့ ခေါ်တဲ့ နယူးယောက်တို့ ကယ်လီဖိုးနီးယားတို့၊ အခု ကယ်လီဖိုးနီးယားကို ပေးစရာရှိတဲ့ ဒေါ်လာသန်းပေါင်းများစွာကို မပေးဘူးဆိုပြီးတော့ သူက ရပ်ထားလိုက်တယ်။ ဒီ Medicaid နဲ့ပတ်သက်တဲ့ ပိုက်ဆံတွေ၊ ဇူလိုင် ၂၂ ရက်နေ့ပေါ့၊ ပူပူနွေးနွေးဖြစ်တာ၊ ဘီလီယံနဲ့ချီတယ်၊ တကယ်တော့ အဲဒီငွေကလေ၊ ရွေးကောက်ပွဲမှာ သူမနိုင်လို့၊ အမေရိကန်မှာ ပြည်နယ် ၅၀ ရှိရင် ပြည်နယ် ၅၀ လုံးက သူ့ကိုထောက်ခံပါတယ်ဆိုတာ အကုန်လုံးနိုင်တယ် ဆိုတာကိုပဲ သူကလိုချင်တာ။ ရီပတ်ဘလစ်ကန်ပြည်နယ်လို့ သတ်မှတ်ထားတဲ့ အင်ဒီယားနားတို့ တောင်ပိုင်းက လူစီယားနားတို့ အလာဘားမားတို့ အဲဒီပြည်နယ်တွေမှာလည်း သူ့ကို မထောက်ခံတဲ့သူတွေ ရှိတာပဲ။ အဲဒီလိုကျရင်လည်း အဲဒီက ဒီမိုကရက်ခရိုင်တို့ ဒီမိုကရက်မြို့တို့ ဆိုပြီးတော့ ရီပတ်ဘလစ်ကန်ပြည်နယ်တွေမှာ ရှိနေပြန်ရော။ ရီပတ်ဘလစ်ကန် ပြည်နယ်တွေမှာလည်း အဲဒီမြို့တွေကို သူက ပစ်မှတ်ထားပြီးတော့ ဖြတ်ပြန်ရော ဒီထောက်ပံ့ကြေးကိုလေ။ ဆိုလိုချင်တာကတော့ ဒီမိုကရက်မုန်းတီးမှုကို အခြေခံပြီးတော့ ဖြစ်လာတဲ့ ပေါ်လစီပဲ ပြောရရင်တော့” လို့ ပြောပါတယ်။

Medicaid ခံစားခွင့်ကို အမြဲတမ်းနေထိုင်ခွင့် ဂရင်းကတ် ကိုင်ဆောင်ထားသူတွေ၊ ကျူးဘား၊ ဟေတီနဲ့ တခြား ခြွင်းချက်နိုင်ငံတချို့က ဝင်ရောက်နေထိုင်သူတွေကတော့ ခံစားခွင့် ဆက်လက်ရရှိနေဦးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ဒုက္ခသည်၊ နိုင်ငံရေးခိုလှုံခွင့်နဲ့ ရောက်ရှိနေသူတွေကတော့ မိမိတို့ရဲ့ အကျုံးဝင်မှု အခြေအနေကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ ဝက်ဘ်ဆိုက်တွေကနေ ရှာဖွေလေ့လာနိုင်ပြီး ကျန်းမာရေးအာမခံကုမ္ပဏီတွေ၊ ဒုက္ခသည်နဲ့ ကျန်းမာရေးဆိုင်ရာ NGO တွေကနေတဆင့် ရှေ့ဆက်လုပ်သင့်တဲ့ နည်းလမ်းကို ရှာဖွေလေ့လာရမှာ ဖြစ်ပါတယ်။

အမေရိကန်မှာ နေထိုင်သူအားလုံး ကျန်မာရေးစောင့်ရှောက်မှု အခမဲ့ရရှိဖို့ ဒီမိုကရက်သမ္မတ အိုဘားမား လက်ထက်မှာ ကြိုးစားအားထုတ်မှုတွေ ရှိခဲ့သလို ဒီမိုကရက်ပါတီရဲ့ မူ၀ါဒရေးရာမှာလည်း ပြည်သူအားလုံး အသက်သာဆုံးနည်းလမ်းနဲ့ ကျန်းမာရေးခံစားခွင့်ရရှိဖို့ ဆိုတာဟာ အဓိက အချက်တခု ဖြစ်ခဲ့တာပါ။

အမေရိကန်မှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးရုံ၊ ဆေးခန်းစရိတ်ဟာ ကမ္ဘာ့နိုင်ငံတွေ အားလုံးထဲမှာ စျေးအကြီးဆုံး ဖြစ်နေတာကြောင့် ပြည်သူတွေက ဝေဖန်နေတုန်းမှာပဲ သမ္မတထရမ့်ပ် အစိုးရဘက်က တင်းကျပ်မှုတွေ ပိုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “အစိုးရမူဝါဒသစ်အရ ဒုက္ခသည် အနေနဲ့ ရှိနေတဲ့သူတွေ နိုင်ငံရေးခိုလှုံခွင့် အနေနဲ့ ရှိနေတဲ့သူတွေ အပါအဝင် နိုင်ငံသားမဟုတ်တဲ့သူ အများစုကို ဖက်ဒရယ်အစိုးရ ရန်ပုံငွေကိုသုံးတဲ့ Medicaid ကျန်းမာရေးစောင့်ရှောက်ခွင့်ကို မပေးတော့ဘူး ဆိုတာမျိုးတွေ ဖြစ်လာတာပေါ့နော်။ မူဝါဒအပြောင်းအလဲက လူမှုအသိုက်အဝန်းပေါ်မှာ တော်တော်လေးကို ထိခိုက်နိုင်တဲ့ အတိုင်းအတာမျိုးတွေ ရှိတယ်ပေါ့။ တခုရှိတာက ကယ်လီဖိုးနီးယားလို ပြည်နယ်တွေမှာကတော့ ရေရှည်တော့ မသိနိုင်ဘူး။ လတ်တလောမှာတော့ ပြည်နယ်အခွန်ငွေနဲ့ ထောက်ပံ့ထားတဲ့ ကျန်းမာရေးအစီအစဉ်တွေက ရှိနေသေးတာ ဖြစ်တဲ့အတွက် ဒီအခြေအနေနဲ့ ကြုံနေတဲ့ပုဂ္ဂိုလ်တွေက ချက်ချင်းကြီး ပြတ်တောက်ပြီးတော့ ထိခိုက်သွားတာမျိုးတော့ မဖြစ်သေးဘူး။ ကယ်လီဖိုးနီးယားပြည်နယ်လိုမျိုး တချို့ပြည်နယ်တွေမှာက သူ့မှာရှိတဲ့အခွန်ငွေနဲ့ သီးသန့်ထောက်ပံ့ထားတဲ့ဟာလည်း ရှိနေသေးတဲ့ အတွက်ကြောင့်မို့လို့ ချက်ချင်းဖြတ်တောက်တာမျိုး မခံရသေးဘူးပေါ့နော်” လို့ ပြောပါတယ်။

အမေရိကန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ မြောက်ကယ်ရိုလိုင်းနား အပါအဝင် ပြည်နယ်တချို့က ဖက်ဒရယ်သတ်မှတ်ချက်အတိုင်း ကန့်သတ်ဖို့ လက်ခံထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ကတော့ ဖက်ဒရယ်အစိုးရမူဝါဒကို အလုံးစုံမလိုက်လျောသေးဘဲ ပြည်နယ်ရန်ပုံငွေနဲ့ ပံ့ပိုးနေတဲ့ အစီအစဉ်တွေမှာ အမှန်တကယ် လိုအပ်သူတွေကို ထပ်မံစိစစ်ပြီး လူဦးရေကန့်သတ်ချက်နဲ့ ပံ့ပိုးမှုပေးပြီး အခြေအနေထိန်းဖို့ ကြိုးစားနေပါတယ်။

အီလီနွိုက်နဲ့ ဝါရှင်တန်ပြည်နယ်တွေမှာတော့ အကျိုးခံစားခွင့် သတ်မှတ်တဲ့ ဝင်ငွေကန့်သတ်ချက် ပမာဏကို တင်းကျပ်ပြီး လူလတ်ပိုင်းနဲ့ အရွယ်ရောက်ပြီးသူတွေကို ပံ့ပိုးမဲ့အစီအစဉ်ကို လျှော့ချခဲ့ပါတယ်။

နယူးယောက်ပြည်နယ်ကတော့ ပြည်နယ်မူလဥပဒေအတိုင်း ဖက်ဒရယ်ရန်ပုံငွေ ရပ်ဆိုင်းသွားရင်တောင် ဥပဒေနဲ့အညီ နေထိုင်ခွင့်ရှိသူတွေကို ပြည်နယ်ဘတ်ဂျက်ကနေ ရာနှုန်းပြည့် ဆက်ပြီးပံ့ပိုးဖို့ စီစဉ်နေပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013