DVB Logo
Home
မြန်မာသတင်း
ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကိစ္စ ပါဝင်ပတ်သက်မှုမရှိဟု ALP တုံ့ပြန်
ကေခိုင်
·
August 28, 2026
Photo: ALP ပြန်ကြားရေး
Photo: ALP ပြန်ကြားရေး
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့ ဗျိုင်းဖြူရွာမှာ ရွာသား ၇၀ နီးပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အာဏာရှင်တပ်အပြင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က စုံစမ်းစစ်ဆေးနေပါတယ်။

၂၀၂၄ ခုနှစ် မေ ၂၉ ရက်က ဗျိုင်းဖြူရွာမှာ အမျိုးသမီး ၂ ယောက် အပါအဝင် ရွာသား ၇၀ နီးပါးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးနှိပ်စက်ပြီး အစုလိုက်အပြုံလိုက် သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့ပြီး လွတ်မြောက်လာတဲ့ ဗျိုင်းဖြူရွာသားတယောက်က ပြောပါတယ်။

အဲဒီနေ့ မနက် ၉ နာရီလောက်မှာ စစ်ကား ၆ စီးနဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်တပ်က ဗျိုင်းဖြူရွာကို ဝိုင်းရံပိတ်ဆို့လိုက်ပြီး ရွာသား ၁,၄၀၀ ကျော်ကို စုဝေးစေကာ အမျိုးသားတွေကို မျက်လုံးစည်း၊ လက်ပြန်ကြိုးတုပ်ပြီး နေပူထဲမှာ ၂ ရက်နီးပါး မလှုပ်မယှက်ဘဲ ထိုင်ခိုင်းခဲ့ပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာတော့ အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သံသယရှိသူတွေကို ဖမ်းဆီးခေါ်ထုတ်သွားပြီး သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

လွတ်မြောက်လာတဲ့ ဗျိုင်းဖြူရွာသားတယောက်က “စားဝတ်နေရေးအဆင်မပြေလို့ ကျန်ခဲ့တဲ့ ဗျိုင်းဖြူရွာ ရွာသား ၁,၄၀၀ လောက်ကို ဖမ်းခေါ်သွားပြီး ယောကျ်ားတွေအကုန်လုံးကို မျက်နှာဖုံးအုပ်ထားတယ်၊ နေပူလှမ်းထားတယ်၊ ညနေပိုင်းရောက်တော့ ယောကျ်ားတွေကို သူတို့သတ်မှတ်ထားတဲ့နေရာကို ခေါ်သွားပြီးတော့ ထုနှက် နှိပ်စက်ကြတယ်။ ပြီးတော့ မင်းတို့ ထွက်ပြေးနိုင်ရင် ရအောင်ထွက်ပြေးဆိုပြီးတော့ အကုန်လုံးကို သေနတ်နဲ့ ပစ်သတ်တာ၊ လူပေါင်း ၃၃ ယောက် ချက်ချင်းသေဆုံးခဲ့တာကိုတော့ မျက်မြင်တွေ့လိုက်ရတယ်၊ ၇၀ ကျော်လောက်တော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အသတ်ခံရတဲ့ထဲမှာ ၂၉ နှစ်နဲ့ ၃၁ နှစ်အရွယ် မိန်းကလေး ၂ ယောက်ပါတယ်။ သူတို့က မြောက်ဦးမြို့နယ်ကနေ အလည်ရောက်နေတာလေ၊ သူတို့တွေကိုလည်း မုဒိမ်းကျင့် နှိပ်စက်ပြီးတော့ သတ်လိုက်ကြတယ်။ သေနေတဲ့ အလောင်းတွေကို ၂၉ ရက်နေ့ ည ၉ နာရီခွဲကနေ ၃၀ ရက်နေ့ မနက်ထိ မီးရှို့တာကိုတွေ့တယ်။ တော်တော့်ကို ဝမ်းနည်းပက်လက် ခံစားခဲ့ရတယ်။ ခံစားချက်တွေက ရင်ဘတ်ထဲမှာ ပြောပြလို့မရလောက်အောင်ပါပဲ၊ ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေထဲ ဝင်ရောက်ရှာဖွေကာ တန်ဖိုးကြီး ရွှေ၊ ငွေနဲ့ ပိုက်ဆံတွေကိုလည်း အကုန်လုံး ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၁ ရက် မနက်ပိုင်းမှာတော့ အပြစ်မရှိဘူးလို့ ယူဆရတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်စေခဲ့ပါတယ်။

ကျန်ရှိနေတဲ့ အမျိုးသားတွေကိုတော့ စစ်တပ်စခန်းတွေဆီ ဖမ်းခေါ်သွားပြီး AA ကို အားပေးထောက်ခံတယ်၊ ထောက်ပို့ကူညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရိုက်နှက်နှိပ်စက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်။

လက်ရှိမှာတော့ အကျဉ်းထောင်ကနေ ပြန်လွတ်လာသူတွေလည်း ရှိနေပြီး ရွာသား ၂၀၀ နီးပါးတော့ စစ်တွေအကျဉ်းထောင်ကနေ ပုသိမ်အကျဉ်းထောင်ဆီ ပြောင်းရွှေ့အကျဉ်းချခံထားရဆဲပါ။

အခုလို ဗျိုင်းဖြူရွာ ဖြစ်စဉ်မှာ စစ်အာဏာရှင်တပ်နဲ့အတူ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဒေသခံတွေက စွပ်စွဲတာတွေ ရှိနေပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာလည်း ရခိုင်ပြည်နယ်အတွင်း ကျူးလွန်ခဲ့တဲ့ ကြီးလေးသော ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ALP ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုထားပါတယ်။

ခုလို စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး DVB က ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီဖြစ်ရပ်မှာ ALP တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်တာ လုံးဝ မရှိဘူးလို့  တုံ့ပြန်ပြောဆိုပါတယ်။

ဒေါ်စောမြရာဇာလင်းက “ဗျိုင်းဖြူရွာကိစ္စနဲ့ပတ်သက်လို့ ALP လုံးဝမပါခဲ့တာ သေချာတယ်။ စစ်တပ်က operation လုပ်မဲ့ကိစ္စကို ALP ဘယ်လိုသိလို့ရမှာလဲ။ တကယ်တမ်း ခေါင်းကောင်းတဲ့လူ ဆိုရင် အဲလိုလုပ်ကြံမှု creation ကို မယုံဘူး။ စစ်တပ်က သူတို့လုပ်မဲ့ကိစ္စဆို အရမ်းကြီးကို သိုသိုသိပ်သိပ် လုပ်ပါလိမ့်မယ်။ အဲဒါ စစ်တပ်ရဲ့ဗျူဟာ။ ဒီ ALP ကို ကျမတာဝန်ယူသမျှ ကာလပတ်လုံးမှာ လူသားမျိုးနွယ်စုတွေအပေါ်မှာ ရက်ရက်စက်စက်လုပ်ဖို့ကိုမပြောနဲ့ မတရားသဖြင့် သတ္တဝါတကောင်ကို သတ်တယ်ဆိုတာတောင် ကျမ မကြိုက်ဘူး။ အဲဒါကိုလည်း ရဲဘော်တွေ အားလုံးသိတယ်။ ဒါကြောင့် မကောင်းမှုကို ဘာအတွက်လုပ်ဖို့လဲ။ ကျမတို့က တိုင်းပြည် ငြိမ်းချမ်းချင်လို့ပဲ အလုပ်လုပ်နေတာ။ အဲလို တိုင်းပြည်ငြိမ်းချမ်းချင်လို့ အလုပ်လုပ်နေတဲ့လူတွေက မငြိမ်းမချမ်းဖြစ်အောင် ဘာဖြစ်လို့လုပ်ဖို့လဲ။ အဲဒါက ကျမတို့ရဲ့ဖြေရှင်းချက်။ ကံက ဘယ်လိုဖြစ်နေတာလဲပေါ့။ ဝဋ်ကြွေးရှိတယ်လို့ပဲ ကိုယ့်ဟာကိုယ် သုံးသပ်တယ်။ ဝဋ်ကြွေးရှိရင်လည်း ကျေပါစေပေါ့” လို့ ပြောပါတယ်။

ဗျိုင်းဖြူရွာ ဖြစ်စဉ်ဟာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ အဆိုးရွားဆုံး ဖြစ်ရပ်တခု ဖြစ်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံတကာအသိုက်အဝန်းက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပေမဲ့လည်း ပြစ်မှုကျူးလွန်သူတွေကို တရားမျှတစွာ အရေးယူနိုင်ဖို့နဲ့ပတ်သတ်ပြီး မရေရာမှုတွေနဲ့သာ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013