
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက နေရာ ၃ နေရာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ လေယာဥ် ၃ စင်းနဲ့ ဗုံးကြဲလို့ စစ်ဘေးရှောင်အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဇူလိုင် ၁၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လေယာဥ် ၃ စင်းနဲ့ ၃ နေရာကို ဗုံးကြဲခဲ့တာကြောင့် နေအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “စစ်ရှောင်စခန်း ၂ ခုနဲ့ ကျေးရွာတခုကို ဗုံးကြဲတာ၊ ပျက်စီးမှုတွေလည်း ရှိတယ်။ အမျိုးသမီးကြီးတယောက် သေဆုံးတာလည်း ရှိတယ်။ လေယာဥ် ၃ စင်းနဲ့ ၃ နေရာကို ၃ ခေါက် ကြဲသွားတာ။ တိုက်ပွဲမရှိဘူးဗျ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ဇူလိုင်လထဲ မိုးဗြဲမြို့နယ် လွယ်ယင်းဘက်ကို စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကြောင်းထပ်ထိုးဖို့ အင်အားပြန်စုနေသလို တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ နေရာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်တပ်က ကရင်နီပြည်နယ်ထဲက ဒီးမော့ဆို၊ ဖရူဆို၊ နန်းမယ်ခုံ၊ မိုးဗြဲမြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရပါတယ်။










