
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ လူစည်ကားတဲ့ ရှီဘူယမှာ ဧပြီ ၂၉ ရက် ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
Proof of Life လှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်း အပါအဝင် အရပ်ဘက်အဖွဲ့ ၆၀ နီးပါးနဲ့ အတူ တကမ္ဘာလုံးအတိုင်းအတာနဲ့ အခု ဧပြီ ၂၁ ရက်က စတင်ခဲ့တာဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ကိုသန့်ဇော်လတ်က “သားတယောက်ရဲ့ အရိုးရှင်းဆုံးဆန္ဒလေးတခုဖြစ်တဲ့ သူ့အမေ ကျန်းကျန်းမာမာနဲ့ ရှိနေသေးတာကို သက်သေနဲ့တကွ ပြပေးဖို့ပြုလုပ်တဲ့ တောင်းဆို လှုပ်ရှားမှုမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားကြတဲ့ ကျနော်တို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ခံစားချက်အတူရှိနေတယ်ဆိုတာ ပြသဖို့ အခုလို ဆောင်ရွတ်တာဖြစ်သလို အခုအခြေအနေတွေကို ဂျပန်အစိုးရနဲ့ ဂျပန်မီဒီယာတွေပါ သိစေချင်တယ်”လို့ ပြောပါတယ်။
တိုကျိုမြို့ Proof of Life လှုပ်ရှားမှုမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားများသာမက မြန်မာအရေးကူညီ ပေးနေသော ဂျပန်လူမျိုးများ ဂျပန်အန်ဂျီအိုများပါ လာရောက်ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
တိုကျိုမြို့လှုပ်ရှားမှုမှာပါဝင်တဲ့ ကိုမျိုးမင်းဆွေက “ဒီရှိဘူယအရပ်က ဂျပန်လူမျိုးတွေသာမက နိုင်ငံတကာခရီးသွားတွေနဲ့ ထင်ရှားတဲ့အရပ်ဖြစ်တာကြောင့် ဒီနေရာကို ရွေးချယ်ခဲ့တာ ဖြစ်တယ်။ ကျနော်တို့ကို ဂျပန်လူမျိုးတွေကော နိုင်ငံတကာခရီးသွားဧည့်သည်တွေကပါ ဒေါ်အောင်ဆန်းစုကြည် နေကောင်းရဲ့လား ဘယ်လိုအခြေအနေရှိလဲ မေးမြန်းကြတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစဉ်ကစတင်ပြီး အခုအချိန်ထိ ဂျပန်အစိုးရက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးဖို့ အစဉ်တစိုက် တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။











