
ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှု လျော့ကျလာနေချိန်မှာ ပြည်တွင်းဆန်ဈေးကွက်မှာတော့ ဆန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး စားသုံးသူတွေအပေါ် ဖိအားဖြစ်နေစေပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ရဲ့ စာရင်းတွေအရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမ ၆ လ ဖြစ်တဲ့ ဧပြီလကနေ စက်တင်ဘာလအထိ ဆန်နဲ့ ဆန်ကွဲ စုစုပေါင်း တန်ချိန် ၉၇၁,၆၆၂ တန် ပြည်ပ တင်ပို့ထားပါတယ်။
ဒါဟာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အလားတူကာလမှာ တင်ပို့ခဲ့တဲ့ တန်ချိန် ၁,၂၀၆,၄၀၈ တန် နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၂၃၄,၇၄၆ တန်၊ ရာခိုင်နှုန်းအားဖြင့် ၁၉ ဒသမ ၅ ရာခိုင်နှုန်းခန့် လျော့ကျလာတာ ဖြစ်ပါတယ်။
တင်ပို့မှုပမာဏ ကျဆင်းလာတာနဲ့အမျှ ပို့ကုန်ဝင်ငွေမှာလည်း လျော့ကျလာပြီး ယခုနှစ် ပထမ ၆ လ အတွင်း အမေရိကန်ဒေါ်လာ ၃၃၈ သန်း ရရှိထားပါတယ်။
ယခင်နှစ် အလားတူကာလမှာတော့ ဆန်နဲ့ဆန်ကွဲ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၄၀၇ သန်း ရရှိခဲ့တာကြောင့် အခုနှစ်မှာ ဒေါ်လာ ၆၉ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၁၇ ရာခိုင်နှုန်းနီးပါး လျော့ကျလာတာ ဖြစ်ပါတယ်။
MRF အနေနဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဆန်နဲ့ ဆန်ကွဲ စုစုပေါင်း တန်ချိန် ၃ သန်း တင်ပို့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံကျော် ရရှိဖို့ လျာထားထားပါတယ်။
ဒါပေမဲ့ ၆ လတာအတွင်း ရည်မှန်းချက်ရဲ့ ၃၀ ရာခိုင်နှုန်းဝန်းကျင်သာ ပြည့်မီသေးတဲ့အတွက် ကျန် ၆ လမှာ တင်ပို့မှု ပိုမိုမြှင့်တင်ရမယ့် စိန်ခေါ်မှု ရှိနေပါတယ်။
တဖက်မှာ ပြည်ပပို့ကုန် လျော့ကျပေမဲ့ ပြည်တွင်းမှာတော့ ရွှေဘိုပေါ်ဆန်း တအိတ်ကို ကျပ် ၃ သိန်းနီးပါးနဲ့ ဆန်ကြမ်းတွေတောင် ၁ သိန်းအထက် ရောက်လာပါတယ်။
နိုင်ငံတကာ စားနပ်ရိက္ခာမူဝါဒ သုတေသနအဖွဲ့ (IFPRI) ရဲ့ ဩဂုတ်လ စားနပ်ရိက္ခာဈေးနှုန်း အစီရင်ခံစာအရလည်း နိုင်ငံတဝန်း ဆန်ဈေးဟာ ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်းနီးပါး တက်လာ ပါတယ်။
ဆန်ဈေးမြင့်တက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ရေကြီးရေလျှံမှုတွေကြောင့် စပါးစိုက်ဧကတွေ ထိခိုက်မှု၊ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာမှုတွေ ပါဝင်နေပါတယ်။
ကမ္ဘာ့အရေးအခင်းတွေကြောင့် စက်သုံးဆီနဲ့ မြေဩဇာဈေးနှုန်းတွေ မြင့်တက်လာတာကလည်း လယ်ယာထုတ်လုပ်မှုကုန်ကျစရိတ်အပေါ် ဖိအားဖြစ်စေပါတယ်။
ဒါ့အပြင် လက်ရှိ လျှပ်စစ်မီး ရရှိမှုအခြေအနေကြောင့် ဆန်စက်တွေရဲ့ လည်ပတ်မှုစရိတ်တွေ ပိုမိုမြင့်တက်လာနိုင်ပြီး အဲဒီကုန်ကျစရိတ်တွေက ဆန်ဈေးနှုန်းအပေါ် ထပ်မံသက်ရောက်လာမှာကို စားသုံးသူတွေက စိုးရိမ်နေကြပါတယ်။
ဆန်ဈေးကွက်တည်ငြိမ်ရေးအတွက် MRF က ဆန်သိုလှောင်ရုံတွေနဲ့ လက်ကျန်စာရင်းတွေကို ကြပ်မတ်စစ်ဆေးနေသလို၊ သက်သာတဲ့ဈေးနှုန်းနဲ့ ဆန်ရောင်းချပေးတာတွေ လုပ်ဆောင်နေပေမဲ့ လတ်တလောမှာတော့ ပို့ကုန်ကျဆင်းမှုနဲ့ ပြည်တွင်းဈေးတက်မှု ဒဏ်ကို ပြိုင်တူ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။











