DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ်မှ ဆန်နှင့် ဆန်ကွဲတင်ပို့မှု  ၅ လဆက်တိုက် ရပ်ဆိုင်း
DVB
·
July 22, 2026
မြန်မာနယ်စပ်မှ ဆန်နှင့် ဆန်ကွဲတင်ပို့မှု  ၅ လဆက်တိုက် ရပ်ဆိုင်း
Donate to DVB

မြန်မာနယ်စပ်ဒေသတွေကနေ  ဆန်နဲ့ ဆန်ကွဲတင်ပို့မှုမှာ လမ်းခရီးတလျှောက် တရားမဝင် ငွေကြေး ကောက်ခံမှုတွေနဲ့ လုံခြုံမှုမရှိတာကြောင့် ၅ လ ဆက်တိုက်ရပ်ဆိုင်းသွားပြီး သမိုင်းတလျှောက် အဆိုးဝါးဆုံးရင်ဆိုင်နေရတယ်လို့ ဆန်တင်ပို့သူကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကနေတဆင့်တင်ပို့တဲ့ မြန်မာ့ဆန်လုပ်ငန်းဟာ ၂၀၂၁ အာဏာသိမ်းပြီးချိန်မှာ တင်ပို့မှုက စံချိန် တင်ကျဆင်းခဲ့ပြီးမှာ ပြီးခဲ့တဲ့ ၅ လတာကာလမှာတော့ တင်ပို့မှုပမာဏကို သုညအဖြစ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ 

မန္တလေးကတဆင့် မူဆယ်နယ်စပ်အထိ ဆန်တင်ပို့ခဲ့တဲ့ ကုန်သည်တယောက်ကတော့ လက်ရှိ တင်ပို့ နိုင်တဲ့အခြေနေဟာ ဘယ်ခေတ်အခါနဲ့မှမတူဘဲ အဆိုးဝါးဆုံးအခြေနေဖြစ်တယ်လို့ ပြောပါတယ်။

“အန်ကယ်တို့ အထက်မြန်မာပြည်က ဆန်တင်ပို့မှုက အထက်မြန်မာပြည်ကနေ နယ်စပ် ကုန်သွယ်ရေးကို အထက်မြန်မာပြည်က မန္တလေးပေါ့ကွာ၊ နယ်စပ်ကုန်သွယ်ရေးကို အန်ကယ်တို့က ကူးသန်းရောင်းဝယ်ရေးလုပ်ရတာ။ အန်ကယ်လ်တို့အနေနဲ့ Normal Trade လို့ခေါ်တဲ့ Oversea က မသွားနိုင်ဘူး။ အဲ့ဒီအတွက် အထက်မြန်မာပြည်မှာရှိတဲ့ နယ်စပ် ကုန်သွယ်ရေးကို မှီခိုနေရတဲ့ ကုန်သည်တွေတော်တော်များများကတော့ လုံးဝရပ်တန့်သွားတယ်။ အဲဒီသွားတာက မူဆယ် တရုတ်-မြန်မာ ကုန်သွယ်ရေးက လုံးဝရပ်တန့်သွားတယ်။ ဒါကြောင့် ဘယ်လောက်နစ်နာလဲဆိုတော့ ကုန်သည်တော်တော်များများက အလုပ်တွေရပ်ဆိုင်းလိုက်ရတယ်။ တကယ်တော့ အထက် မြန်မာပြည်မန္တလေးကနေ နယ်စပ်ကုန်သွယ်ရေးကို မှီတင်းပြီး လုပ်ကိုင်နေရတဲ့ ကုန်သည်တွေအဖို့ ကတော့ လုံးဝရပ်တန့်သွားသလို ဘယ်ခေတ်အခါနဲ့မှမတူတဲ့ အဆိုးဝါးဆုံးအခြေနေလို့ပဲ ပြောချင် ပါတယ်။”

NLD အစိုးရလက်ထက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၃,၅၉၁,၀၀၀ တင်ပို့ နိုင်ခဲ့ပြီး အဲဒီပမာဏက ၁၉၃၉ - ၁၉၄၀ ဘဏ္ဍာနှစ်မှာ တင်ပို့ခဲ့တဲ့ ဆန်တန်ချိန် ၃,၀၄၈,၆၆၄ တင်ပို့ခဲ့ပြီးတဲ့နောက်ပိုင်း နှစ်ပေါင်း ၈၀ နီးပါးမှာ ပထမဆုံးအကြိမ် တန်ချိန် ၃ သန်းကျော် ပြန်လည် တင်ပို့နိုင်ခဲ့ပါတယ်။ 

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာပြန်လည်တင်ပို့နိုင်ခဲ့တဲ့ ဆန်တန်ချိန် ၃ သန်းခွဲ ကျော်မှာ နယ်စပ် တင်ပို့မှု က စုစုပေါင်းတင်ပို့မှုရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၅၁ ဒသမ ၆၂ ရာခိုင်နှုန်းတင်ပို့နိုင်ခဲ့ တာဖြစ်ပါတယ်။

ဒါကြောင့် အဓိကတင်ပို့ခဲ့တဲ့ မူဆယ်နယ်စပ်လမ်းတလျှောက် စစ်ရေးအရလုံခြုံမှုမရှိသလို အဲ့ဒီ စစ်ရေးအရ ချထားတဲ့ လက်နက်ကိုင်ဂိတ်အသီးသီးက တရားမဝင် ငွေကြေးအများအပြား ကောက်ခံတာတွေကြောင့် မူဆယ်နယ်စပ်ဆန်တင်ပို့မှုက ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ ဆန်စပါးအသင်းချုပ်က စာရင်းမဖော်ပြပေမဲ့ စစ်တပ်နဲ့ NDAA တို့ ထိန်းချုပ် ထားတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းမိုင်းလား တာလော့ကနေ တရုတ်နယ်စပ်မိုင်းလင်း နယ်စပ်ဂိတ်ကို တင်ပို့ နေတဲ့ ဆန်နဲ့ဆန်ကွဲ ပမာဏအနည်းငယ်ရှိနေပေမဲ့ အဆင်မပြေတဲ့အခြေနေကို ဆန်ကုန်သည် တယောက်က ပြောပြပါတယ်။

“နယ်စပ်က အဲ့ဒီမိုင်းလားဘက်ကို တောင်ကြီးကနေသွားတဲ့လမ်းကြောင်းရှိတယ်၊ အဲ့ဒါ ဆန်တတန် ကို ကျပ် ၃၀,၀၀၀  ကနေ ၄၀,၀၀၀ အထိ လိုင်စင်ကြေးက အဲလိုရှိတယ်။ ကားခတွေ လမ်းစရိတ် တွေနဲ့ သွားရ လာရတာ၊ ဟိုပေး ဒီပေးတွေနဲ့ တအိတ်ကို ကျပ် ၅၀,၀၀၀၊  ၆၀,၀၀၀ လောက်ရှိတယ်။ စရိတ်က အဲ့ဒါဘာတွေထွက်လဲဆိုတော့ ကရင်မဆန်တွေထွက်တယ်၊ သုခဆန်ကွဲတွေထွက်တယ်။ အဲ့ဒါတွေက ဟိုးတောင်ကြီးမှာ သွားပြောင်းတယ်။ ဒီကနေသွားတဲ့ကားတွေက အေးသာယာမှာ ရပ်လိုက်တယ်။ အဲ့ကနေ မိုင်းလားသွားတဲ့ကားတွေနဲ့ ကားချင်း ပြောင်းတယ်။ ဂိုထောင်တွေမှာ ချတယ်။ အဲ့ဒီအခု နယ်စပ်မှာ ဟိုဘက်မှာ သွား လို့မရတဲ့ကားတွေက အေးသာယာကနေ ပြည်တော် ပြန်လာတယ်။ အဲ့ဒါတွေကို ပြန်လာရောင်းတယ်။ ဈေးကွက်က ကရင်မတို့၊ ရာကျော်တို့ အဲ့ဒါတွေ ဈေးကွက်ကမရှိဘူး။”

ဒါ့ကြောင့် တောင်သူတွေအတွက် စပါးဈေးကိုဆွဲတင်ပေးမဲ့ နယ်စပ်ဆန်နဲ့ ဆန်ကွဲတင်ပို့မှုက ၂၀၂၄ ဒီဇင်ဘာလကနေ ၂၀၂၅ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေမှာလည်း ၃ လဆက်တိုက် ရပ်ဆိုင်းခဲ့ဖူးပါတယ်။

လက်ရှိ ၂၀၂၆ ခုနှစ်မှာတော့ ဖေဖော်ဝါရီကနေ ဇွန်အထိ ၅ လဆက်တိုက် လုံးဝရပ်ဆိုင်းခဲ့သလို လက်ရှိ ဇူလိုင်လမှာလည်း တင်ပို့နိုင်မှုမရှိသေးတဲ့အတွက် ၆ လဆက်တိုက် စံချိန်တင်ရပ်ဆိုင်းလာမဲ့ အခြေနေမှာရှိနေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013