DVB Logo
Home
မြန်မာသတင်း
ဩဂုတ်လတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ သိန်းကျော် တင်ပို့ထား
DVB
·
September 13, 2024
ဩဂုတ်လတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ သိန်းကျော် တင်ပို့ထား
Donate to DVB

မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ အခုနှစ် ဩဂုတ်လမှာ တန်ချိန် ၂ သိန်းကျော်ထိ ရှိခဲ့ပြီး လက်ရှိ ဘဏ္ဍာနှစ် ၅ လအတွင်း တင်ပို့မှုအမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ဆန်တင်ပို့မှု ကိန်းဂဏန်းတွေအရ ဧပြီလမှာ တန်ချိန် တသိန်းကျော်၊ မေလမှာ တန်ချိန် ၇၀,၀၀၀ ကျော်၊ ဇွန်လမှာ တန်ချိန် ၁၆၀,၀၀၀ ကျော်၊ ဇူလိုင်လမှာလည်း တန်ချိန် ၁၆၀,၀၀၀ ကျော်ရှိပြီး ဩဂုတ်လမှာ တန်ချိန် ၂၀၀,၀၀၀ ကျော်ထိ တိုးတက်တင်ပို့လာနိုင်ခဲ့တာပါ။

အခုဘဏ္ဍာနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံက အဓိကဆန်တင်ပို့ခဲ့တဲ့ နိုင်ငံတွေက ဘယ်လ်ဂျီယံ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ နယ်သာလန်နိုင်ငံတို့ဖြစ်ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၉၇ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ဆန်စပါးကို အဓိကစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ပြည်ပကို နှစ်စဉ် ဆန်တန်ချိန် ၂,၀၀၀,၀၀၀ ကျော် တင်ပို့လေ့ရှိပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၁ ဒသမ ၆၈ သန်း ဝန်းကျင်သာ တင်ပို့မှု ရှိခဲ့ပါတယ်။

ပြည်တွင်းဆန်ဈေး ကြီးမြင့်နေတဲ့အပြင် ပို့ကုန်မူဝါဒကြောင့် နိုင်ငံတကာဈေးကွက်ကို နှိုင်းယှဉ် ရောင်းချရာမှာ တွက်ခြေမကိုက်ဖြစ်ပြီး တင်ပို့မှု လျော့ကျခဲ့တာလို့ ကုန်သည်လုပ်ငန်း အသိုက်အဝန်းက သိရပါတယ်။

အခု ၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ပထမ ၅ လမှာတော့ စုစုပေါင်းတန်ချိန် ၇၂၀,၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ရဲ့ အလားတူ တူညီကာလထက်လည်း ၈၉ ဒသမ ၃ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တာကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

စစ်ကောင်စီကတော့ အခုဘဏ္ဍာနှစ်မှာ ပြည်ပဆန်တင်ပို့မှုကို တန်ချိန် ၂ ဒသမ ၅ သန်းထိ မျှော်မှန်းထားပါတယ်။

ဒါပေမဲ့ အခုနှစ်မှာ နိုင်ငံတဝန်း ရေကြီးရေလျှံမှုတွေကြောင့် စပါးစိုက်ဧကတွေအပေါ် ထိခိုက်နိုင်တာ၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ အပါအဝင် သွင်းအားစုတွေ ဈေးနှုန်းမြင့်တက်တာ၊ လယ်ယာလုပ်သားရှားပါးပြီး လုပ်အားခ ဈေးနှုန်းမြင့်လာတာ၊ တိုင်းပြည်မငြိမ်သက်မှုကြောင့် ဆန်စပါး မစိုက်ပျိုးနိုင်တဲ့ ဒေသတွေ ရှိနေတာစတဲ့ အချက်တွေကြောင့် စပါးအထွက်နှုန်း လျော့နည်းနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013