Home
မြန်မာသတင်း
တရုတ်နိုင်ငံကို ဆန်နှင့် ဆန်ကွဲ တင်ပို့လိုသည့် မြန်မာကုမ္ပဏီ ၂ ဆကျော်တိုးလာ
DVB
·
June 20, 2023

အခု ၂၀၂၃ ခုနှစ်မှာ တရုတ်နိုင်ငံ GACC ဘက်ကို ဆန်နဲ့ ဆန်ကွဲ တင်ပို့ဖို့ အဆိုပြုတင်ပြခဲ့တဲ့ မြန်မာကုမ္ပဏီ အရေအတွက်က ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် နှစ်ဆကျော် မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ တရုတ်နိုင်ငံ GACC ဘက်ကို ဆန်နဲ့ဆန်ကွဲ တင်ပို့ဖို့ အဆိုပြုတင်ပြတဲ့ မြန်မာ ကုမ္ပဏီ ၆၂  ခု၊ ဆန်စက်က  ၇၉  ခု နဲ့ သိုလှောင်ရုံ ၁၉ ခု သာ ရှိခဲ့ပေမဲ့  ၂၀၂၃ ခုနှစ်မှာ လျှောက်ထား အဆိုပြုတဲ့ ကုမ္ပဏီအရေအတွက်  ၁၄၅  ခုထိ တိုးလာပြီး ဆန်စက်အရေအတွက် က ၁၆၁  ခု၊ သိုလှောင်ရုံ အရေအတွက်က ၁၈၂ ခုထိ တိုးလာတယ်လို့ သိရပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့က တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုတဲ့ ကုမ္ပဏီတွေကို စိတ်ဝင်စားမှု (Expression of Interest – EOI) အဆိုပြုလွှာ တင်ပြဖို့ ပြီးခဲ့တဲ့ မေလဆန်းပိုင်းက ဖိတ်ခေါ်ခဲ့တာပါ။

လျှောက်ထားလာတဲ့ အဲဒီ ကုမ္ပဏီတွေ၊ ဆန်စက်တွေနဲ့ သိုလှောင်ရုံ တွေကို ဆက်လက်စိစစ်ပြီး ရွေးချယ်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သိရပါတယ်။

“ပထမဆုံးအနေနဲ့ သိုလှောင်တဲ့ သိုလှောင်ရုံ၊ ဆန်စက်နဲ့ တင်ပို့မယ့် ကုမ္ပဏီတွေကို မြန်မာ အစိုးရဘက်က အရင် စိစစ်မှာပါ။ အဲဒီနောက်မှ တရုတ်နိုင်ငံ GACC ဘက်ကို ပေးပို့ပြီး အတည်ပြုချက် ရယူရတာပါ” လို့ ဆန်စပါး လုပ်ငန်းရှင်တစ်ဉီးက ပြောပါတယ်။

တရုတ်နိုင်ငံကို ဆန်နဲ့ဆန်ကွဲ တင်ပို့လိုတဲ့ ကုမ္ပဏီတွေကို မြန်မာ-တရုတ် နှစ်နိုင်ငံ ချုပ်ဆိုထားတဲ့ အပင် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူ စာချုပ် အရ Sanitary and Phytosanitary (SPS) Protocol သတ်မှတ် စည်းကမ်းချက်တွေနဲ့အညီ နှစ်စဉ်ပုံမှန် စိစစ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သိရပါတယ်။

ဆန်စပါး လုပ်ငန်းရှင်တစ်ဦးက "မြန်မာနိုင်ငံက ဆန်တင်ပို့မယ့် အစီအစဥ်ကို တစ်နှစ် တစ်ကြိမ် တရုတ် GACC ကို ပြန်တင်ပြရတယ်။ GACC က လက်ခံအသိအမှတ်ပြုတဲ့ သိုလှောင်ရုံ၊ ဆန်စက်နဲ့ ကုမ္ပဏီတွေကပဲ တရုတ်နိုင်ငံကို ဆန်နဲ့ ဆန်ကွဲ တရားဝင် တင်ပို့ခွင့်ရမှာပါ” လို့ ပြောပါတယ် ။

အရင်က တရုတ်နိုင်ငံကို ဆန်နဲ့ဆန်ကွဲ တင်ပို့ခွင့်အတွက် အသိအမှတ်ပြုခံထားရတဲ့ မြန်မာ ကုမ္ပဏီ ၁၁ ခု သာရှိခဲ့ပါတယ်။ ၂၀၂၀ ဇူလိုင်လ ဒုတိယပတ်မှာ မြန်မာကုမ္ပဏီ ၄၃ ခု ဆန်စက် ၇၉ ခုအထိ ကို GACC မှာ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး တရုတ်နိုင်ငံကို ဆန်နဲ့ ဆန်ကွဲ တရားဝင်တင်ပို့ခွင့် ပြုခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁ရက်နေ့က စပြီး မြန်မာနိုင်ငံ ကနေ တရုတ်နိုင်ငံကို တင်သွင်းမယ့် စားသောက်ကုန်တွေကို GACCမှာ မှတ်ပုံတင်ပြီးမှသာ တင်ပို့ခွင့်ပြုခဲ့တာ ဖြစ်ပါတယ် ။

မြန်မာနိုင်ငံ ဆန်တင်ပို့မှုကတော့ အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်နေ မေလကုန်အထိ ပထမနှစ်လအတွင်းမှာ တန်ချိန် နှစ်သိန်း ဝန်းကျင်သာ တင်ပို့ထားပြီး ပြီးခဲ့တဲ့နှစ်ကာလတူ တင်ပို့မှုနဲ့ယှဉ်ရင် ထက်ဝက်လျော့ကျနေပါတယ်။

အာဏာသိမ်းပြီးနောက် ထိန်းမရအောင် ထိုးတက်နေတဲ့ ဆန်ဈေးကို ထိန်းချုပ်ဖို့ စစ်ကောင်စီကတော့ ပြည်ပဆန်တင်ပို့မှုနဲ့ ပြည်တွင်း ဆန်သိုလှောင်မှုတွေအပေါ် ကန့်သတ် ကြပ်မတ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024