
မောင်တော နယ်စပ်စခန်းကနေတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အဓိကထား တင်ပို့နေတဲ့ ကွမ်းသီးက လက်ရှိမှာ တင်ပို့မှုမရှိတော့တဲ့အတွက် ဈေးကျဆင်းနေတယ်လို့ ကွမ်းသီးရောင်းဝယ်သူတွေက ပြောပါတယ်။
ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက “ပြည်ပတင်ပို့မှုလည်း မရှိတော့ ဈေးတွေက ကျနေတာပေါ့။ အရင်ကရှိတယေ၊ အခုမရှိတော့ဘူး။ ပြည်တွင်း ဝယ်ယူတာတွေကိုပဲ အားပြုရောင်းနေရတယ်”လို့ ကွမ်းသီးရောင်းဝယ်သူတဦးက ပြောပါတယ်။
မွန်ပြည်နယ် မော်လမြိုင်အတွင်းမှာတော့ မော်လမြိုင် (ပါးပုတ်သီးအရိုင်း) နဲ့ အညိုသီးအရိုင်းတို့က တပိဿာကို ကျပ် ၂၅၀၀ ကနေ ၃၂၀၀ ပေါက်ဈေးရှိပြီး တပိဿာကို ၃၀၀ ကျပ်၊ ရေးပေါင်ခြမ်းက အစိုဓာတ်ပေါ်မူတည်ပြီး တပိဿာကို ကျပ် ၄၈၀၀ ကနေ ၆၈၀၀ ကျပ်ရှိကာ တပိဿာကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ကွမ်းသီးကို အဓိကထား ဝယ်ယူနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြီးခဲ့တဲ့ ၄ လလောက်က စတင်ပြီး ဂျင်းတမျိုးတည်းကိုသာ ဝယ်ယူခဲ့တဲ့အတွက် ကွမ်းသီးဈေးတွေ ကျဆင်းသွားခဲ့တာလို့ ကွမ်းသီး ရောင်းဝယ်သူတွေက ပြောပါတယ်။
မြိတ်ဘက် ကွမ်းသီးရောင်းဝယ်သူတဦးက “ကလေးဘက်ကအခြမ်းလည်း ပြန်ဖွင့်နေပေမယ့် အရောင်းအဝယ်က အခုထိ မသွက်သေးပါဘူး။ တအိတ်စ၊ နှစ်အိတ်စလောက်သာ အရောင်းအဝယ် ရှိတာ” လို့ ပြောပါတယ်။
မြိတ်ဘက်မှာတော့ မြိတ်ကွမ်းသီး အစိုပေါက်ဆန်က တပိဿာကို ၅၃၀၀ ကျပ်၊ တောင်ငူ၊ ဧရာဝတီကွမ်းသီး အစိုပေါက်ဆန်က တပိဿာကို ၃၅၀၀ ကျပ်၊ ကွမ်းသီးအရိုင်းလုံးခြောက်ရှယ်က တပိဿာ ၅၀၀၀ ကျပ် ရှိပြီး အမျိုးအစားအစုံအလိုက် တပိဿာကို ကျပ် ၅၀၀ ကနေ ၁၀၀၀ ကြား ကျဆင်းနေပါတယ်။
လက်ရှိမှာတော့ ကွမ်းသီးကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ စိုက်ပျိုးပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို အဓိကထားတင်ပို့ကာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဏာနှစ်အတွင်းမှာ ကွမ်းသီးတန်ချိန် ၂ ထောင်နီးပါး တင်ပို့နိုင်ခဲ့တယ်လို့ စီးပွားကူးသန်းစာရင်းအရ သိရပါတယ်။