DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးသတိရှိရန်နှင့် တော်လှန်ရေးတွင်ပါဝင်ကြရန် မန္တလေးဒေသခံများကို တိုက်တွန်း
DVB
·
July 26, 2024
လုံခြုံရေးသတိရှိရန်နှင့် တော်လှန်ရေးတွင်ပါဝင်ကြရန် မန္တလေးဒေသခံများကို တိုက်တွန်း
Donate to DVB

မန္တလေးတိုင်းဒေသကြီးမှာနေထိုင်ကြတဲ့  ပြည်သူတွေအနေနဲ့ လုံခြုံရေးအသိ သတိရှိဖို့နဲ့ တော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကြဖို့ မန္တလေးအခြေစိုက်တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

မန္တလေးတိုင်းမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အောင်ပွဲရနယ်မြေဒေသတွေ ကျယ်ပြန့်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေးအသိ သတိရှိဖို့နဲ့ တိုက်တွန်းလိုက်တာပါ။ 

လက်ရှိ မန္တလေးတိုင်းထဲက စဉ့်ကူးနဲ့ မိုးကုတ်မြို့ကြီးတွေကို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ PDF တွေကသိမ်းယူထားနိုင်ပြီး တိုက်ပွဲတွေလည်း ဆက်လက် ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ လုံခြုံရေးသတိရှိဖို့နဲ့ ဆက်လက်ပါဝင်ပေးဖို့ကို မန္တလေးမြို့မှာ လူထုသပိတ်ကို ဦးဆောင် လှုပ်ရှားသူ ဒေါက်တာ တေဇာစန်းက ပြောပါတယ်။

“မန္တလေးဒေသထဲကိုပဲ တော်လှန်ရေးအင်အားစုတွေက စစ်ရေးအရ ထိုးဖောက် ဝင်ရောက်လာတာကို ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေ PDF တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေက ဟန်ချက်ညီညီနဲ့ စစ်ရေးဖော်ဆောင်နေတာ တွေ့ရမှာဖြစ်ပါတယ်ဗျ၊ မန္တလေးမြို့နဲ့လည်း စစ်ရေးလှိုင်းတွေက အနီးဆုံးအခြေအနေကို ရောက်ရှိလာတာပေါ့။ ဒီအခြေအနေမှာတော့ မန်းတိုင်းသူ တိုင်းသားအားလုံး မန်းမြို့သူ မြို့သား အားလုံး အနေနဲ့တော်လှန်ရေးသတိ၊  တော်လှန်ရေးအသိ၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အပြည့်နဲ့ပေါ့နေထိုင်သွားရမယ့်အချိန်ဖြစ်ပါတယ်။ ပြည်သူ လူထုတရပ်လုံးရဲ့ ဒီတော်လှန်ရေးမှာ လက်တွေ့ပါဝင်မှုသည် တော်လှန်ရေးကို အဆုံးအဖြတ်ပေးသွားမှာ ပဲဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ သက်လုံနဲ့ ခံနိုင်ရည်သည် ဒီတော်လှန်ရေးရဲ့ အခရာ သော့ချက်ပဲ ဖြစ်ပါတယ်။ ငါတို့ ကိုယ်တိုင် တော်လှန်ရေးသမားဆိုတဲ့ အသိနဲ့ လက်ရှိကျရောက်လာတဲ့ တော်လှန်ရေးအခြေအနေအရ ကျရာကဏ္ဍ၊ နိုင်ရာတာဝန်ကို အစွမ်းကုန်ဟန်ချက်ညီညီ  အရှိန်တိုးမြှင်ပြီးပါဝင်ကြမယ်၊ ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် လုံခြုံရေး အသိ သတိအပြည့်နဲ့ပေါ့ဗျာ။”

ဒေါက်တာ တေဇာစန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကျပ်ချထားတဲ့ မန္တလေးမြို့ထဲကို ဝင်ရောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။ 

တဖက်မှာလည်း ပြည်သူတွေအနေနဲ့ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပြီး စစ်ကောင်စီကို ပြိုလဲဖို့ ဘူးသပိတ်မှာ ပါဝင်ပေးဖို့ကိုလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ( မန္တလေး) AFCC- MDY က မေနှင်းက တိုက်တွန်းပါတယ်။

“စကစကို ငွေကြေးထောက်ပံ့သလိုဖြစ်စေမယ့် ပစ္စည်းတွေကို ဝယ်ယူသုံးစွဲတာကနေ ရပ်တန့်ကြမယ်။ ဘူးသပိတ်မှာ ကျမတို့ နိုင်သလောက် ပါဝင်ကြမယ်။ ပြီးရင် ကျမတို့တွေက တော်လှန်အင်အားစုတွေ ထုတ်ပြန်ထားတဲ့သတင်းတွေ စစ်ဘေးရှောင်ဖို့ လိုအပ်တဲ့ အခြေအနေတွေ အချက်အလက်တွေ၊ PDF ရဲဘော်တွေ မဟာမိတ်တပ်တွေက ညွှန်ကြားတဲ့ ညွှန်ကြားချက်တွေကို အမြဲမပြတ်နားစွင့်ပြီးတော့ တတ်နိုင်တဲ့ ဘက်ကနေ ပူးပေါင်းပါဝင်ကြမယ်၊ သတင်းအချက်အလက်တွေကိုလည်း အမြဲနားစွင့်ပြီးတော့ နေထိုင်ကြမယ်။ ကျမတို့ရဲ့ အဆုံးသတ်တိုက်ပွဲတွေက နီးလာပြီဆိုတာကို ဒီနေ့တိုက်ပွဲတွေက သက်သေပြနေတာ၊ အောင်ပွဲတွေက သက်သေ ပြနေတာဖြစ်တယ်။”

၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ ရှမ်းမန်းစစ်ဆင်ရေးတလအကြာ ဇူလိုင်လအတွင်းမှာပဲ မန္တလေးတိုင်းဒေသကြီးထဲက စဉ့်ကူး၊ မိုးကုတ်နဲ့ ရှမ်းမြောက်က နောင်ချိုမြို့တို့ကို TNLA၊ MDY- PDFနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းယူထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013