
ဧရာဝတီတိုင်း၊ ပုသိမ်-မုံရွာလမ်းဘေး၊ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်က အောက်တိုဘာ ၂၆ ရက်မှာ အမျိုးသားတယောက်ကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမှာ စက်စက်ယိုကျေးရွာထဲကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် လမ်းဘေးမှာတွေ့တဲ့ အသက် ၃၇ နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမား ကိုလေးနိုင်ကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “ပစ်သတ်ခံရသူက ဆိုင်ကယ်ကယ်ရီသမားပါ။ ကယ်ရီပို့ပြီး ပြန်လာချိန် စက်စက်ယိုရွာအနီးမှာ စစ်ကြောင်းနဲ့တွေ့ပြီး ပစ်သတ်ခံရတာလို့ သိရတယ်” လို့ ပြောပါတယ်။
ကိုလေးနိုင်ဟာ စက်စက်ယိုကျေးရွာအနီး၊ ပုသိမ်-မုံရွာကားလမ်းဘေးမှာ နေထိုင်သူဖြစ်ပြီး PDF လို့ စွပ်စွဲပစ်သတ်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အာဏာရှင်တပ်စစ်ကြောင်းဟာ စက်စက်ယိုကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် အရပ်သားတွေ နေထိုင်တဲ့နေရာတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွေဘက်ကိုပါ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တပ်ဟာ လေးမျက်နှာမြို့နယ်အတွင်းက စက်စက်ယို၊ ယင်းဆယ်နဲ့ ပန်းတောကြီးကျေးရွာ အပါအဝင် ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံတွေဟာ လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခက်အခဲဖြစ်နေပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။











