
မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ အခုလိုကာလမျိုးမှာ အာဇာနည်နေ့ဟာ ပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးကို ပြန်လည်အောက်မေ့ သတိရစေတယ်လို့ ရန်ကုန်အခြေစိုက် ဂျာမနီသံရုံးအကြီးအကဲ မစ္စတာ မာသီးယပ်စ် လီချာ့ဇ် က ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်တွေကို လေးလေးနက်နက် အောက်မေ့ဂုဏ်ပြုကြောင်း သူက ဆိုပါတယ်။
အာဇာနည်ခေါင်းဆောင်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ နိုင်ငံအပေါ် အပ်နှံထားတဲ့ စိတ်ဓာတ်တွေဟာ ဒီကနေ့အချိန်အထိ လူအများအပြားအတွက် အတုယူအားကျစရာ ဖြစ်နေဆဲဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့ သမိုင်းဖြစ်စဉ်ကို ကိုယ်ကျိုးအတွက် လိုသလိုအသုံးချမဲ့အစား သင်ခန်းစာယူသင့်တယ်လို့ မစ္စတာ မာသီးယပ်စ် လီချာ့ဇ် က ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့မှာ ပြောဆိုသွားတာပါ။
ဂျာမနီနိုင်ငံအနေနဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ သမိုင်းအမွေအနှစ်ကို လေးစားသလို၊ မြန်မာပြည်သူတွေအပေါ် ထားရှိတဲ့ ကာလရှည် ချစ်ကြည်ရင်းနှီးမှုကို ထပ်လောင်းအတည်ပြုတယ်လို့လည်း ဆိုပါတယ်။











