
သမ္မတ ဦးဝင်းမြင့်ကို ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားဆဲ ဖြစ်ပေမဲ့ စစ်အာဏာရှင်ကတော့ ထိန်းချုပ်ကန့်သတ်ထားတုန်းပဲလို့ ဂျာမနီသံရုံး အကြီးအကဲက ပြောပါတယ်။
ဒီနေ့ ကျရောက်တဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ ၇၅ နှစ်မြောက်မွေးနေ့မှာ ရန်ကုန်မှာရှိတဲ့ ဦးဝင်းမြင့်ရဲ့ အိမ်ရှေ့ကိုသွားရောက်တဲ့ ဗွီဒီယိုကိုထုတ်ပြန် ပြောဆိုလိုက်တာပါ။
သံရုံးအကြီးအကဲ Mathias Licharz ဟာ နိုဝင်ဘာ ၈ ရက် ဒီနေ့မှာ တာမွေမြို့မှာရှိတဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ အိမ်ရှေ့မှာပဲ ဗွီဒီယိုရိုက်ကူးခဲ့ပါတယ်။
“နယူးယောက်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂက ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားပါတယ်။ ဦးဝင်းမြင့်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ နေပြည်တော်က ထုတ်ပြန်ချက်အရ ဦးဝင်းမြင့်ကို ဒီနှစ် ဧပြီလမှာ အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီကြေညာချက် ထွက်ပေါ်လာပြီးနောက်မှာ ကျနော် ဦးဝင်းမြင့်နဲ့ တွေ့ဆုံဖို့ ကြိုးပမ်းခဲ့ပါတယ်။ အခု ကျနော် ရောက်ရှိနေတာကတော့ ရန်ကုန်မြို့မှာ ဦးဝင်းမြင့် အရင်က နေထိုင်ခဲ့တဲ့ နေအိမ်ရှေ့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဦးဝင်းမြင့်နဲ့ တွေ့ဆုံဖို့အတွက် ခွင့်ပြုချက်ရယူဖို့ လိုအပ်တယ်လို့ နေပြည်တော်ဘက်ကနေ ကျနော့်ကို အကြောင်းကြားခဲ့ပါတယ်။
ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့တာ ၆ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ အခုအချိန်အထိ ကျနော် ခွင့်ပြုချက် မရသေးပါဘူး။ ဒီအခြေအနေကနေ ကောက်ချက်ချနိုင်တာ တခုပဲ ရှိပါတယ်။ ဦးဝင်းမြင့်ဟာ အမှန်တကယ် လွတ်လပ်မှု မရှိသေးပါဘူး။ သူ တွေ့ချင်တဲ့သူတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့်မရှိသလို တခြားသူတွေနဲ့လည်း လွတ်လပ်စွာ ဆက်သွယ်ပြောဆိုခွင့်မရှိပါဘူး” လို့ ပြောပါတယ်။
ဒါကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီနဲ့ ဂျာမန်အစိုးရတို့ရဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ ထပ်မံအလေးပေး ပြောလိုတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေအဆုံးသတ်ဖို့အတွက် အမှန်တကယ်အဓိပ္ပာယ်ရှိပြီး ရိုးသားပွင့်လင်းတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်လုပ်ကြဖို့လည်း တိုက်တွန်းပါတယ်။
သမ္မတ ဦးဝင်းမြင့်အတွက် ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ဖို့နဲ့ ဦးဝင်းမြင့်နဲ့ မြန်မာနိုင်ငံအတွက် အရာရာ အဆင်ပြေ ကောင်းမွန်ပါစေလို့လည်း သူက ဆုတောင်းပေးခဲ့ပါတယ်။











