
မြန်မာစစ်အုပ်စုအပေါ် ဩစတြေးလျနိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မဟာမိတ်နိုင်ငံတွေထက် နောက်ကျ ကျန်နေတာကြောင့် ကျင့်ဝတ်ဆိုင်ရာအရ လုံလောက်မှုမရှိကြောင်းနဲ့ မဟာဗျူဟာအရ ထိရောက်မှုမရှိကြောင်း ဩစတြေးလျ ဆီးနိတ်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာကော်မတီက သတိပေးထားတယ်လို့ Justic for Myanmar က ထုတ်ပြန် ပါတယ်။
ဩစတြေးလျအနေနဲ့ မြန်မာစစ်အုပ်စုနဲ့သူ့ရဲ့ အုပ်ချုပ်ရေးယန္တရားကို လေယာဉ်ဆီ ထောက်ပံ့ ရောင်းချမှုတွေကို ဟန့်တားဖြတ်တောက်ဖို့၊ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ဖို့နဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်လို အဓိကမဟာမိတ်တွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ညှိနှိုင်း ကိုက်ညီချမှတ်ဖို့လည်း ကော်မတီက အကြံပြုထားပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ဟာကွက်တွေဟာ မြန်မာစစ်အုပ်စုကို ဆက်လက်ရပ်တည်နိုင်ဖို့ အထောက်အကူပြုနေပြီး သြစတြေးလျအနေနဲ့ ဒီဟာကွက်တွေကို ပိတ်ဆို့ဖို့ အရေးယူ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာစစ်အုပ်စု ဆက်လက်ရပ်တည်နေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ဩစတြေးလျနဲ့ တခြားအစိုးရတွေက တွန့်ဆုတ်နေတာကြောင့် လည်း တစိတ်တပိုင်းပါဝင်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးဟာ ပိုမိုပြင်းထန်လာနေပြီး၊ ဒီလို လုပ်ဆောင်နိုင်ဖို့ စစ်အုပ်စုကို ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာနဲ့ လေယာဉ်ဆီတွေ လက်လှမ်းမီ ရရှိစေဖို့ ပံ့ပိုးကူညီပေးနေကြတယ်လို့လည်း ထောက်ပြထားပါတယ်။
စစ်အုပ်စု တရားမဝင်ထိန်းချုပ်ထားတဲ့ အကျိုးအမြတ်များတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်၊ အီးယူ၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီးဖြစ်ပေမဲ့ ဩစတြေးလျနိုင်ငံကတော့ ဒီနေ့အချိန်အထိ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတခုကိုမျှ အရေးယူ ပိတ်ဆို့ ထားခြင်း မရှိသေးပါဘူး။
ဩစတြေးလျဆက်နွှယ်ကုမ္ပဏီတွေက မြန်မာ့သတ္တုတူးဖော်ရေးကဏ္ဍမှာ ဆက်လက်လုပ်ကိုင်နေပြီး စစ်အုပ်စုက တရားမဝင်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတ္တုတူးဖော်ရေးလုပ်ငန်းတွေကတဆင့် စစ်အုပ်စုအတွက် အခွန်ဝင်ငွေတွေ ရရှိအောင် ကူညီပေးနေတယ်လို့ Justice for Myanmar က ထုတ်ပြန်ထားပါတယ်။










