
ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ကို စစ်အာဏာရှင်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူလူထု နေအိမ်တွေ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရ ပါတယ်။
မေ ၄ ရက် ညပိုင်း ၉ နာရီကျော်လောက်က လေးမျက်နှာမြို့နယ်ထဲက စက်စက်ယိုနဲ့ ပန်းတောကြီး ရွာတဝိုက်ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံး ၅ လုံးထက်မနည်း ကြဲချခဲ့တာလို့ ဆိုပါတယ်။
ဒေသခံအရပ်သားတယောက်က "ဂျက်ဖိုက်တာတွေနဲ့ လာချသွားတာ။ ၂ ခါလာကြဲချသွားတာ။ ပထမ က စက်စက်ယိုဘက်ကို ကြဲချသွားတာ။ ဒုတိယတခါက ပန်းတောကြီးဘက်ကို ဗုံးကြဲချတာ။ အိမ် တွေကတော့ စစ်တပ်ဗုံးကြဲမှုကြောင့် မီးလောင်တာ ကုန်ပြီ၊ မရှိတော့ဘူး" လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲချတဲ့ နေရာတွေဟာ ၂၀၂၅ ခုနှစ် မတ်လ လောက်က တည်းက တော်လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်က ယာယီထိန်းချုပ်ထားတဲ့ နေရာတွေဖြစ်ကာ တော်လှန်ရေးတပ်တွေ နေထိုင်တာမရှိဘူးလို့ ဆိုပါတယ်။
စစ်တပ်နဲ့ နီးစပ်သူက "အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်ဘက်ကနေ လေယာဉ်တွေတက်တာ တွေ့ရတယ်။ လေကြောင်းနဲ့ချမယ်ဆိုတာလည်း သိတယ်။ ရခိုင်ဘက်ကိုပဲ လုပ်ဦးမယ်ထင်တာ" လို့ ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲချတာကြောင့် မီးလောင်တဲ့ နေအိမ်တွေဟာ အရပ်သားတွေရဲ့ နေအိမ်တွေ ဖြစ်ပြီး အရပ်သားတွေက စစ်ဘေးရှောင်နေကြတယ်လို့ သိရပါတယ်။
ဧပြီလ ဒုတိယအပတ်ကလည်း စစ်အာဏာရှင်တပ်က ပုသိမ်-မုံရွာ လမ်းဘေးက စက်စက်ယိုရွာ ဘက်ကို လေကြောင်းကနေ ဗုံးကြဲချခဲ့လို့ အရပ်သားတွေရဲ့ နေအိမ်တွေနဲ့ အရပ်သားတွေ မွေးထားတဲ့ တိရစ္ဆာန်တွေ သေဆုံးမှု ဖြစ်ခဲ့ပါတယ်။"










