
ဥရောပမှာ လေယာဉ် ၇ စင်း ဗုံးခွဲခြိမ်းခြောက်မှုဖြစ်မယ်လို့ သံသယဖြစ်ခဲ့ပြီးနောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။
ဒပ်ဘလင်နဲ့ လစ္စဘွန်းတို့ကနေ ထွက်ခွာခဲ့တဲ့ ရိုင်ယန်အဲ လေယာဉ် ၂ စင်း ဗုံးခွဲခံရမယ်လို့ အမည်မဖော်သူတယောက်ရဲ့ သတင်းပေးမှုကြောင့် ရောမမြို့မှာ ဆင်းသက်စေပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။
လေယာဉ်တွေ မြေပြင်ကို အရေးပေါ်ဆင်းသက်ပြီး စစ်ဆေးခဲ့ပေမဲ့ ပေါက်ကွဲစေတဲ့ပစ္စည်း ရှာမတွေ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒပ်ဘလင်လေယာဉ်ကို အီတလီလေတပ်က လုံခြုံရေးယူပေးခဲ့သလို ပိုလန်၊ စပိန်နဲ့ ဘူလ်ဂေးရီးယား တို့မှာလည်း ဗုံးသံသယမှုနဲ့ စစ်ဆေးမှုတွေ လုပ်ခဲ့ရပါသေးတယ်။
လေယာဉ် ၇ စင်း ဗုံးခွဲမယ်ဆိုတဲ့ သတင်းဟာ အန္တရာယ်ရှိတဲ့ နောက်ပြောင်မှုတခု ဖြစ်တယ်လို့ ဗြိတိန်အစိုးရက ဖော်ပြပါတယ်။
လေကြောင်းလုံခြုံရေးကျွမ်းကျင်သူ ပေါ်မာဆင်က ခရီးသည်တင်လေယာဉ်တွေကို ခြိမ်းခြောက်တာမျိုးက မကြာခဏဖြစ်နေတဲ့ အရာမဟုတ်တဲ့အတွက် ပုံမှန်မဟုတ်ပါဘူးလို့ သုံးသပ်ပါတယ်။
မန်ချက်စတာကနေ ပျံသန်းခဲ့တဲ့ ရိုင်ယန်အဲ လေယာဉ်တစင်းလည်း စပိန်တောင်ပိုင်း မာစီယာမှာ ဆင်းသက်ခဲ့ရပြီး စစ်ဆေးခဲ့ရာမှာတော့ ဗုံးမရှိကြောင်း ထုတ်ပြန်ထားပါတယ်။
လန်ဒန်ကနေ ပိုလန်နိုင်ငံ ဝါဆောကို ပျံသန်းခဲ့တဲ့ လေယာဉ် ၂ စင်းလည်း သံသယစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ဥရောပမှာ လေယာဉ် ၇ စင်း ဗုံးသတိပေးချက် ထွက်ခဲ့သလို ဂရိမှာရှိတဲ့ အပျော်စီးသင်္ဘောလည်း ဗုံးလန့်မှု ဖြစ်ပွားခဲ့လို့ ခရီးသည်နဲ့ ဝန်ထမ်း ၁,၅၃၇ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေခဲ့တယ်လို့ ဆိုပါတယ်။
Source: Reuters











