DVB Logo
Home
မြန်မာသတင်း
ရခိုင် စစ်ဘေးရှောင်များကို AA ကျန်းမာရေးဌာနက အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေး
DVB
·
August 9, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေကို AA ရဲ့ ကျန်းမာရေးဌာနက အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ရှောင်တွေကို အဓိကထားပြီး သွားနဲ့ခံတွင်း ကုသမှုတွေအပြင် မျက်စိခွဲစိတ်ကုသပေးတာ၊ ကာကွယ်ဆေးထိုးပေးတာ၊ အမျိုးသမီးနဲ့မိခင် ကျန်းမာရေးစောင့်ရှောက်ပေးတာ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးနဲ့ အခြေခံဆေးကုသမှုတွေကို အခမဲ့ လုပ်ဆောင်ပေးနေတယ်လို့ AA ရဲ့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူ အမျိုးသမီးတယောက်က ပြောပါတယ်။

“နေရာဒေသအလိုက်၊ မြို့ရွာ ကျေးရွာအလိုက် စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်‌သေးတဲ့သူတွေကို အခမဲ့ကုပေးနေပါတာရှိပါတယ်”

ဆေးရုံ၊ ဆေးခန်းပြရင် ကျန်းမာ‌ရေးကုသမှုစရိတ်အပြင် ခရီးစရိတ်လည်း အကုန်အကျ များတဲ့အတွက် အခုလို AA ရဲ့ ကျန်းမာရေးဌာနက အခမဲ့ကုသပေးတာကြောင့် အဆင်ပြေတယ်လို့ စစ်တွေမြို့နယ်က စစ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

“ဆေးခန်း တခါပြရင် သိန်းဂဏန်းထိ ကုန်ပါတယ်။ ပြီးရင် ခရီးစရိတ်တွေ ကုန်တယ်။ အခုဆိုရင် အခမဲ့လည်း ကုရတယ်။ နေဖို့နဲ့ လမ်းစရိတ်ကအစ ကူညီပေးလို့ တကယ်အဆင်ပြေတယ်။”

ဩဂုတ်လ ပထမပတ်အတွင်း အာရက္ခပြည်တနေရာမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သွားနဲ့ခံတွင်းဆရာဝန်တွေ ဦးဆောင်ပြီး စစ်ဘေးရှောင်ပြည်သူတွေထဲက သွားရောဂါဝေဒနာရှင် ၁၈၀ ကို ဒုတိယအကြိမ် အခမဲ့ စမ်းသပ်ကုသပေးခဲ့တယ်လို့ သိရပါတယ်။

ကုသမှုခံယူသူ ၁၈၀ ထဲက လူနာ ၁၂၀ ကို သွားနုတ်ကုသပေးခဲ့တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း သွားကုသမှု ပထမအကြိမ်ကို အာရက္ခပြည် တနေရာမှာ ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင် သွားဝေဒနာရှင် ၁၂၀ ကို အခမဲ့ စမ်းသပ်ကုသပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ပထမအပတ်ကလည်း ပထမအကြိမ် စစ်ရှောင်ပြည်သူ မျက်စိဝေဒနာရှင်လူနာ ၂၀၀ ဝန်းကျင်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ကုသပေးခဲ့သလို အဲဒီထဲက ၂၇ ယောက်ကို ပထမအကြိမ် မျက်စိ အခမဲ့ ခွဲစိတ်ကုသပေးခဲ့တယ်လို့ သိရပါတယ်။

မေလတတိယပတ်အတွင်းကလည်း မျက်စိဝေဒနာရှင် ၂၂၃ ယောက်ကို ဒုတိယအကြိမ် မျက်စိစမ်းသပ်ကိရိယာတွေနဲ့ စမ်းသပ်ကုသပေးခဲ့ပြီး အဲဒီအထဲက မျက်စိအတွင်းတိမ် လူနာ ၃၃ ယောက်၊ မျက်သားခြစ်လူနာ ၅ ယောက်နဲ့ ပါဝါမျက်မှန်တပ် လူနာ ၂၁ ယောက်၊ စုစုပေါင်းလူနာ ၅၉ ယောက်ကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ပါတယ်။

Photo : APM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013