DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာ ရေကြီးမှု ၁၀ ရက် ကျော်လာပြီး ပြည်သူ ၁၄,၀၀၀ ကျော် ရေဘေးသင့်နေ
သီရိ
·
August 10, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

ဧရာဝတီတိုင်း၊ လေးမြစ်နှာမြို့နယ်မှာ ရေကြီးနေတာ ၁၀ ရက်ကျော် ကြာလာပြီး ရေဘေးသင့်ပြည်သူ ၁၄,၀၀၀ ကျော် ရှိနေပြီလို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်၊။

ဇူလိုင် ၃၀ ရက် ညပိုင်းက လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်မြစ်ရေကို ကာရံထားတဲ့ တာဟာ အလျားပေ ၅၀ ခန့် ကျိုးပေါက်သွားရာကစပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေ ရေနစ်မြုပ်ခဲ့တာ ၁၀ ရက်ကျော် ရှိလာပြီ ဖြစ်ပါတယ်။

ငဝန်မြစ်ရေကြီးမှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၃၀ ကျော် ရေနစ်မြုပ်နေတာပါ။

လက်ရှိမှာ လေးမျက်နှာမြို့တွင်း ရေငြိမ်သွားပေမဲ့ မိုးဆက်လက်ရွာသွန်းနေတာကြောင့် ငဝန်မြစ်ရေ ဆက်လက်မြင့်တက်နေပြီး ခမောက်စုကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေကို ရေပိုမိုတိုးဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တာကျိုးသွားတဲ့ နေရာဟာလည်း ရေစီးကြောင့် ပေ ၂၀၀ ခန့်အထိ ပိုမိုကျယ်ပြန့်သွားခဲ့ပြီး လက်ရှိမှာ စစ်အာဏာရှင်ဘက်က တာကျိုးထားတဲ့နေရာကို ပြုပြင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တာကျိုးထားတဲ့နေရာကို ပြန်လည်ကာရံနိုင်ခဲ့ရင်တောင် လေးမျက်နှာမြို့ဟာ ရေခွက်ပုံစံ ဖြစ်နေတာကြောင့် မြို့ထဲက ရေတွေကို စုပ်ထုတ်မှသာ ရေပြန်ကျနိုင်မဲ့ အခြေအနေ ဖြစ်တယ်လို့ ကူညီပေးနေသူတယောက်က ပြောပါတယ်။

“သူတို့ ရေကာတာတော့ ပိတ်နေပြီ။ ရေကာတာပိတ်တာ အခုက သံချောင်းတွေနဲ့ဆိုတော့ ပိတ်ဖို့တော့များတယ်၊ နည်းနည်းတောင့်သွားမှာပေါ့နော်။ ရေပြန်ကျဖို့အတွက်က လေးမျက်နှာက ရေခွက်ပုံစံ ဖြစ်နေတော့ ရေစုပ်ထုတ်မှ ရေက တော်တော်ကျမှာပေါ့နော်။ အိမ်က ဆင်းရဲသားအိမ် ဝါးအိမ်လို ပုံစံမျိုးတွေကတော့ သုံးစားမရဘူးပေါ့။ အိမ်ထဲကပစ္စည်းတွေလည်း အကုန်လုံးဆုံးရှုံးပေါ့။ ၂ ထပ်အိမ်တွေကသာ အပေါ်ထပ်လေး နေလို့ရရင်ရမှာပေါ့၊ အောက်ထပ်က ပစ္စည်းတွေကတော့ အကုန်မြုပ်ပဲ။ တချို့အိမ်တွေဆို ကျနော်တို့ သွားရင်းနဲ့ ပက်လက်လန်ပြီး မျောနေတာတွေလည်း တွေ့တယ်။”

လေးမျက်နှာမြို့ဟာ ငဝန်မြစ်ရဲ့ အနိမ့်ပိုင်းမှာ တည်ရှိတာကြောင့် မိုးရာသီကုန်လွန်ပြီး ရေခန်းမှသာ ရေပြန်ကျနိုင်မှာဖြစ်လို့ ရေဘေးကာလ ၃ လခန့်အထိ ကြာမြင့်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

ငဝန်မြစ်ရေကြီးမှုကြောင့် လေးမျက်နှာမြို့နယ်က အိမ်ခြေ ၃,၁၅၈ အိမ် ရေနစ်မြုပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူ ၁၄,၀၀၀ ကျော် ရှိနေတယ်လို့ ဒေသခံ ပရဟိတအသင်းတွေက ဆိုပါတယ်။

လေးမျက်နှာမြို့ပေါ်မှာ ရေဘေးရှောင်စခန်း ၁၀ ခုကျော် ဖွင့်လှစ်ထားပြီး ကျေးရွာတွေဘက်က ရေဘေးသင့် ပြည်သူတွေကတော့ ကုန်းမြင့်တဲ့ ရထားလမ်းနဲ့ ရေကာတာတွေပေါ်မှာ ယာယီတဲထိုးပြီး ခေတ္တနေထိုင်နေကြရတာပါ။

လက်ရှိမှာ မြို့ပေါ်က ရေဘေးသင့်ပြည်သူတွေ အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ အဆင်ပြေပေမဲ့ အလှူရှင် မရောက်ရှိတဲ့ ဝေးလံတဲ့ ကျေးရွာတွေမှာတော့ စားရေးသောက်ရေး အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။

အကူအညီပေးနေသူတယောက်ကလည်း မြေပြင်မှာ ရေရှည်ထောက်ပံ့ရေး လုပ်ဆောင်ရမဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“ပြန်လည်ထူထောင်ရေးကတော့ ခုချိန်မှာ မရသေးပါဘူး။ ကူညီထောက်ပံ့ရေးကိုပဲ ဆက်သွားဖို့ လိုမယ်ပေါ့နော်။ မိုးတွေ ဆက်ရွာမယ်ဆိုရင်တော့ ဘုန်းကြီးကျောင်းမှာ ခိုနေတဲ့သူတွေကို ဒုတိယတကျော့ ရွှေ့ပြောင်းကယ်ဆယ်ရေး လုပ်ဖို့တော့ လိုမယ်။ ရေတန့်နေတယ်၊ ဒီတိုင်းပဲ ဆက်သွားမယ်ဆိုရင် ဒီထောက်ပံ့ရေးကို လချီလုပ်ပေးရမယ်။ အလှူရှင်တွေကို အဓိကပြောချင်တာက မလိုအပ်တဲ့ နေရာကို မလှူပါနဲ့၊ ပြည့်တဲ့အိုးတွေကို မဖြည့်ပါနဲ့၊ မလိုအပ်တဲ့ ပစ္စည်းတွေကို မလှူပါနဲ့၊ တကယ်လိုအပ်ပြီး နှစ်ရှည် လရှည် သုံးလို့ရတဲ့ လှူဒါန်းမှုတွေကိုပဲ လုပ်ပါ။”

လေးမျက်နှာမြို့နယ် ရေကြီးမှုကြောင့် လယ်ဧက ၆,၀၀၀ ကျော် ရေနစ်မြုပ်နေပြီး စပါးခင်းတွေပါ ပျက်စီးတာကြောင့် ရေဘေးသင့်ပြည်သူတွေဟာ နှစ်နဲ့ချီပြီး စားဝတ်နေရေး အခက်အခဲ ကြုံတွေ့ရနိုင်တယ်လို့ အကူအညီပေးနေသူတွေက သုံးသပ်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013