
ဧရာဝတီတိုင်းအထွက် ရန်ကုန်တိုင်းအဝင် X-ray စစ်ဆေးရေးဂိတ် တိုင်ကြားခံရပြီး ရဲတွေ အကုန်ပြောင်းလိုက်ပေမဲ့ ငွေကြေးတောင်းခံမှုက မပြောင်းလဲဘဲ အရင်ကထက် ပိုဆိုးလာတယ်လို့ ခရီးသွားပြည်သူနဲ့ ယာဥ်မောင်းတွေဆီက သိရပါတယ်။
ခရီးသွားလာသူတွေနဲ့ ယာဥ်မောင်းတွေဆီက ငွေကြေးအဆမတန်တောင်းတဲ့ ရန်ကုန်တိုင်းအဝင် X-ray စစ်ဆေးရေးဂိတ် ဧပြီလအတွင်းက တိုင်ကြားခံရပြီး စစ်ဆေးမှုတွေပြုလုပ်ကာ ရဲတွေ အကုန်ပြောင်းခဲ့တာလို့ ထန်းတပင်မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“သင်္ကြန်ကာလမှာ ပိုက်ဆံအရမ်းတောင်းလို့ဆိုပြီး X ray စစ်ဆေးဂိတ်ကို တိုင်လိုက်တာ ရဲတွေရော စစ်သားတွေရော ပြောင်းသွားတယ်၊ ဒါပေမဲ့ ပိုက်ဆံပေးရတာက မပြောင်းလဲဘူး၊ နောက်ရောက်လာတဲ့ ရဲတွေ စစ်သားတွေက အရင်လူတွေထက် ၂ ဆ ၃ ဆ တောင်းတယ်။”
ရန်ကုန်တိုင်းအဝင် X-ray စစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဥ်တစီးကို ကုန်အမျိုးအစားအပေါ် မူတည်ပြီး ၃,၀၀၀၊ ၅,၀၀၀၊ ၁၀,၀၀၀ အထိ တောင်းပြီး ရဲဂိတ်၊ စစ်တပ်ဂိတ်နဲ့ လဝကဂိတ် သုံးဂိတ်လုံးကို ပေးရတယ်လို့ ကုန်ကားမောင်းသူတယောက်က DVB ကို ပြောပါတယ်။
“တဂိတ်တည်းပေးရရင် ပြဿနာမရှိဘူး၊ အခုက ဂိတ်အစုံပေးရတာ၊ ကုန်အမျိုးအစားပေါ် မူတည်ပြီး တောင်းတာ၊ ရဲဂိတ် ၃,၀၀၀၊ စစ်တပ်ဂိတ် ၃,၀၀၀၊ လဝကဂိတ် ၃,၀၀၀၊ သုံးဂိတ် ၉,၀၀၀ ပေးရတယ်။ ကုန်များရင် သုံးဂိတ်ကို ၁၅,၀၀၀ ကနေ ၃၀,၀၀၀ အထိ ပေးရတယ်။ မပေးလို့ရှိရင် တရားခံစစ်သလို စစ်တာ၊ ဂိတ်က ပေးမထွက်ဘူး။”
ဒဂုံဧရာ အဝေးပြေးဝင်းက ထွက်လာတဲ့ ခရီးသည်ယာဥ်တွေဟာ ရဲ၊ စစ်တပ်၊ လဝကဂိတ်ကြေး ၈,၀၀၀ ပေးရပြီး ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေကိုလည်း မှတ်ပုံတင်အကြောင်းပြုပြီး ၃,၀၀၀ မှ ၅,၀၀၀ တောင်းတယ်လို့ ခရီးသည်တင် ယာဥ်မောင်းတယောက်က DVB ကို ပြောပါတယ်။
“ခရီးသည်တင်ယာဥ်ကားတွေလည်း ပေးရတယ်။ ရဲဂိတ် ၃,၀၀၀၊ စစ်တပ်ဂိတ် ၂,၀၀၀၊ လဝကဂိတ် ၃,၀၀၀၊ အဲ့လိုပေးပြီးရင် ကားပေါ်တက်ပြီး ခရီးသည်တွေ မှတ်ပုံတင်တက်စစ်တယ်၊ အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်မလဲရင် ၃,၀၀၀၊ မှတ်ပုံတင်ပျက်နေရင် ၅,၀၀၀၊ မှတ်ပုံတင်ပျောက်လို့ ထောက်ခံစာနဲ့လာရင် ၁၀,၀၀၀ တောင်းတာ။”
ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဥ်တွေသာမက ဘုရားဖူးကားတွေကိုလည်း ကားပေါ်ပါလာတဲ့ ခရီးသည်တွေကို တယောက် ၁,၀၀၀ နှုန်းနဲ့ လူရှိအကုန် ပေးရတယ်လို့ ဘုရားဖူးယာဥ်မောင်း တယောက်က DVB ကို ပြောပါတယ်။
“ဘုရားဖူးကားတွေလည်း အဲ့ဂိတ်ကတောင်းတာပဲ၊ ဘုရားဖူးကားကျတော့ ပုတ်ပြတ်တောင်းတာ၊ တယောက်ကို ၁,၀၀၀ နှုန်းနဲ့ ကားသမားက ၃,၀၀၀၊ ဘုရားဖူး ၂၀ ပါရင် ၂၀,၀၀၀၊ ၃၀ ပါရင် ၃၀,၀၀၀ အဲ့လိုပေးရတာ။”
ဧရာဝတီတိုင်းအထွက် ရန်ကုန်တိုင်းအဝင် X ray စစ်ဆေးရေးဂိတ်ဟာ ငွေတောင်းကြမ်းတဲ့ဂိတ်အဖြစ် လူသိများသလို ရခိုင်စစ်ဘေးရှောင်တွေကို ဖမ်းဆီးရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိတ်လည်း ဖြစ်ပါတယ်။










