
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကြောင်ရိုသေပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ကြောင်ရိုသေပင်ကို သိပ္ပံနာမည် Acalypha indica လို့ခေါ်ပြီး အင်္ဂလိပ်လို Indian copperleaf လို့ ခေါ်ပါတယ်။ မြန်မာလို ကြောင်ဆေးပင်လို့လည်း ခေါ်ကြပါတယ်။
ကြောင်ရိုသေပင်မှာ flavonoid၊ triterpenoid၊ steroid နဲ့ saponin စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေး/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ကင်ဆာ ဆန့်ကျင်ခြင်း၊ ယူရစ်အက်ဆစ်ကို လျှော့ချပေးခြင်း၊ သွေးတွင်းအဆီ/သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း၊ အဆိပ်ဖြေပေးခြင်း၊ အနာကျက်စေခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ သဘာဝသန္ဓေတားဆေး အာနိသင်ရှိခြင်း စတဲ့အစွမ်းအာနိသင် ရှိပါတယ်။
ပန်းနာရင်ကြပ်၊ ချောင်းဆိုးခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ချွဲသလိပ်ထွက်ခြင်း ပြဿနာတွေအတွက် ကြောင်ရိုသေရွက် အနည်းငယ်ကို ရေထဲမှာ နာရီအနည်းငယ် စိမ်ထားပြီးနောက် တခါသောက် ကော်ဖီ ၂ ဇွန်းကို တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းအတွက် တနေ့ ၁ ကြိမ် သောက်ပါ။
အူလမ်းကြောင်း ကပ်ပါးပိုးနဲ့ သန်ကောင်/တုတ်ကောင် ရောဂါတွေအတွက် ကြောင်ရိုသေရွက်မှုန့် ကော်ဖီဇွန်းဝက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းထည့်ပြီး ရေနွေးနွေးနဲ့ ၃ ရက်လောက် သောက်ပေးနိုင်ပါတယ်။ ပိုးသတ်ဆေး လုပ်ဆောင်ချက်အတွက် အပင်တပင်လုံးမှ ထုတ်ယူမှုကို ဗိုက်ထဲတွင် သိမ်းဆည်းသည်။
အစာအိမ်ပိုးဝင်တာအတွက် သန့်ရှင်းတဲ့အရွက်ကို ကြက်သွန်ဖြူအနည်းငယ်နဲ့ ထောင်းပြီး ထမင်းနဲ့ တနေ့ ၂ ကြိမ် စားပေးနိုင်ပါတယ်။
ဝမ်းလျှောရောဂါမှာ အရွက်ပြုတ်ရည်ကျကျ ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ အရွက်သတ္တုရည် ကော်ဖီ ၂ ဇွန်းကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အဆစ်အမြစ်ရောင်ခြင်း၊ ကိုက်ခဲခြင်းအတွက် အမြစ်ပြုတ်ရည် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
လိပ်ခေါင်းရောဂါအတွက် ကြောင်ရိုသေရွက်မှုန့်နဲ့ ကုလားပင်စိမ်းရွက်မှုန့် ဆတူကို ထောပတ်အနည်းနဲ့ နယ်ပြီး တနေ့ ၂-၃ ကြိမ် လိမ်းပေးနိုင်ပါတယ်။
အင်းဆက်ပိုးမွှားကိုက်တာ၊ အနာရောင်ရမ်းတာတွေအတွက် လတ်လတ်ဆတ်ဆတ် အရွက်ကို ထုထောင်းပြီး ဒဏ်ရာကို လိမ်းပေး/အုံပေးနိုင်ပါတယ်။
အရွက်သတ္တုရည်ကို နှမ်းဆီ ဆတူနဲ့ ချက်ပြီး ကြွက်သား နာကျင်ကိုက်ခဲတာတွေမှာ ဆီနွေးနွေးကို လိမ်းပေးနိုင်ပါတယ်။
အိပ်ရာ အနာတွေအတွက် အရွက်ခြောက်မှုန့်ကို အုန်းဆီနဲ့ဖျော်ပြီး လိမ်းပေးနိုင်ပါတယ်။ ကာလသားရောဂါအနာတွေမှာ အရွက်သတ္တုရည်ကို တနေ့ ၂-၃ ကြိမ် လိမ်းပေးနိုင်ပါတယ်။
အရေပြား အဖုအပိမ့်တွေမှာ အရွက်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။ အရေပြားယားယံတာအတွက် အရွက်သတ္တုရည်ကို နနွင်းမှုန့်အနည်းငယ် ရောစပ်ပြီး လိမ်းပေးနိုင်ပါတယ်။
နားကိုက်ဝေဒနာအတွက် အရွက်ကို မီးကင်ပြီး အရည်နွေးနွေး ၂-၃ စက်ကို နားထဲ အစက်ချပေးနိုင်ပါတယ်။
သွားကိုက်တာအပါအဝင် သွားနဲ့ ခံတွင်းပြဿနာတွေမှာ ပင်စည်ကို သွားပွတ်တံအဖြစ် အသုံးပြုနိုင်ပြီး အရွက်ပြုတ်ရည်ကို ငုံဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
အဆိပ်ရှိ အင်းဆက်ပိုးမွှားတွေ ကိုက်ခံရတာအတွက် ကြောင်ရိုသေရွက်ကို ထုထောင်းပြီး လိမ်းပေး/အုံပေးနိုင်ပါတယ်။
ကြောင်ရိုသေပင်ကို အသင့်အတင့်သုံးစွဲတာက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ အသုံးပြုတာကြောင့် ဗိုက်အောင့်၊ ဝမ်းလျှော၊ ရေဓာတ်ခန်းခြောက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ကြောင်ရိုသေပင်နဲ့ ဓာတ်မတည့်သူတွေ ကြောင်ရိုသေပင် သုံးစွဲတာကို ရှောင်ကြဥ်ပါ။ သဘာဝသန္ဓေတားဆေး အာနိသင် ရှိတာကြောင့် ကိုယ်ဝန်ဆောင်နဲ့ သားသမီး ရယူလိုသူ မိခင်လောင်းတွေ ရှောင်ကြဉ်သင့်ပါတယ်။
နွေဦးပြည်သူတွေ ကြောင်ရိုသေပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။











