
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနဲ့ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းတို့ အရှေ့တောင်အာရှနိုင်ငံနှစ်ခုအကြား အနာဂတ် ပူးပေါင်းဆောင်ရွက်မှုကို လမ်းညွှန်ဖို့ ရည်ရွယ်တဲ့ ၂၀၂၆-၂၀၃၀ အတွက် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး လမ်းပြမြေပုံကို သြဂုတ် ၃ ရက်မှာ အတည်ပြုခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို နက်ရှိုင်းစေရေး သဘောတူခဲ့ကြပါတယ်။
ခေါင်းဆောင်တွေက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး ချိတ်ဆက်မှုတွေမှာ တိုးချဲ့ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ပရာဘိုဝိုက ၂၀၃၀ ပြည့်နှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ ရောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
ဈေးကွက်ဝင်ရောက်ခွင့် တိုးတက်စေရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို ခိုင်မာစေရေး ကြိုးပမ်းချက် တစိတ်တပိုင်းအဖြစ် ပထမဆုံး ပူးတွဲကုန်သွယ်ရေးကော်မရှင်ကို တည်ထောင်ဖို့ကိုလည်း သူတို့က သဘောတူခဲ့ကြပါတယ်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပြင် နှစ်နိုင်ငံကြား နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်ရေး ကြိုးပမ်းချက်တွေ အပါအဝင် နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ပိုပြီး နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်ကြဖို့ကိုလည်း ကတိပြုခဲ့ကြပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကို တည်ထောင်သူ အဖွဲ့ဝင်တွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့ဟာ အဖွဲ့ရဲ့ ခံနိုင်ရည်နဲ့ ဆက်စပ်မှုကို ခိုင်မာစေရေး ဦးဆောင်မှု အခန်းကဏ္ဍကနေ ဆက်ပြီး ပါဝင်ရမယ်လို့ ပရာဘိုဝိုက ပြောပါတယ်။
Source: Reuters










