
မြန်မာ့အကျပ်အတည်းဟာ အဘက်ဘက်ကနေ လုံးဝပျက်စီးပြိုလဲနေပြီဖြစ်ကြောင်းနဲ့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲလှည့်ကွက်တွေကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဇွန် ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးမှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာ စစ်ဝတ်စုံကနေ အရပ်ဝတ်လဲပြရုံသာဖြစ်ပြီး ဓာတ်ပြားဟောင်း ပြန်ဖွင့်ကာ နိုင်ငံတကာကို လိမ်လည်ဖြားယောင်းနေတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ၂၀၂၆ ခုနှစ်အတွင်းမှာ ဒရုန်းတွေအပြင် စီးပွားရေးသုံး ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတွေကိုပါ လက်နက်အသွင်ပြောင်းပြီး အရပ်သားပြည်သူတွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို မဆင်မခြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးချဲ့လုပ်ဆောင်လာနေတာကိုလည်း သံအမတ်ကြီးက ထုတ်ဖော်ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာ တရားဥပဒေစိုးမိုးရေး ပျက်သုဉ်းနေတာကြောင့် အွန်လိုင်းလိမ်လည်မှုနဲ့ လူကုန်ကူးမှုစတဲ့ နယ်စပ်ဖြတ်ကျော် မှုခင်းတွေ မြင့်တက်လာနေပြီး၊ တာဝန်ခံမှုမရှိတဲ့ စစ်အုပ်စုနဲ့ သွားရောက်ထိတွေ့ဆက်ဆံခြင်းဟာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ထပ်မံကျူးလွန်ဖို့ အားပေးတွန်းပို့ရာ ရောက်လိမ့်မယ်လို့ သတိပေးထားပါတယ်။
တပြိုင်တည်းမှာပင် ဇွန် ၁၉ ရက်နေ့ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အတွက် ကမ္ဘာတဝန်းမှာ “၈၁ အတွက် ၈၁” အပါအဝင် သက်ရှိထင်ရှားရှိကြောင်း သက်သေပြသရေး “Proof of Life” လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကြောင့်၊ စစ်အုပ်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိပြီး ကျန်းမာကြောင်း သက်သေပြဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ နိုင်ငံတကာက ဝိုင်းဝန်းတောင်းဆိုပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။










