
ဂျပန်နိုင်ငံမှာ ဒီအပတ်အတွင်း လှုပ်ခတ်ခဲ့တဲ့ အပြင်းစားငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ဇူလိုင် ၃၁ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီခွဲအထိ စာရင်းအရ ၃၅ ယောက်အထိ မြင့်တက် လာခဲ့ပြီး အဲဒီအထဲမှာ ငလျင်ကြောင့် သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေဆဲ လူတွေလည်း ပါဝင်တယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မိနိုရု ကီဟာရာက သတင်းထောက်တွေကို ပြောပါတယ်။
ကူမာမိုတို ပြည်နယ်အတွင်း ငလျင်လှုပ်ပြီးနောက် ပေါ်ပေါက်ခဲ့တဲ့ ကူညီကယ်ဆယ်ရေး တောင်းဆိုမှု အားလုံးကို ဆောင်ရွက်ပေးပြီးသွားပြီဖြစ်ပြီး အပြင်းအထန် ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ AEON စျေးဝယ်စင်တာမှာလုပ်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေပဲ ကျန်တော့တယ်လို့ ကီဟာရာက ပြောပါတယ်။
AEON စျေးဝယ်စင်တာမှာ မနေ့ညကအထိ ၁၁ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၇ ယောက် သေဆုံးခဲ့ကြောင်း အတည်ပြုထားပါတယ်။
အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မိနိုရု ကီဟာရာက“အဆောက်အအုံအတွင်းမှာ ပိတ်မိနေသူတွေ ရှိ၊ မရှိ အတည်ပြုနိုင်ဖို့ ကူမာမိုတိုပြည်နယ် ရဲတပ်ဖွဲ့က ရှာဖွေရေး ရဲခွေးတွေ၊ တိုကျိုရဲတပ်ဖွဲ့က လုံခြုံရေး ခွေးတွေနဲ့ စစ်တပ်က ဘေးအန္တရာယ် ကယ်ဆယ်ရေးခွေးတွေကို သုံးပြီး ဆောင်ရွက် နေပါတယ်” လို့ ဆိုပါတယ်။
အဆောက်အအုံ အကြီးအကျယ် ပျက်စီးခဲ့ရတဲ့ နိပွန် စက္ကူစက်ရုံမှာတော့ ၁၁ ယောက် ကယ်ဆယ် နိုင်ခဲ့ပေမဲ့ ၉ ယောက် သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ ကယ်ဆယ်ဖို့ လိုအပ်သူ နောက်ထပ် မရှိတော့တာကြောင့် အဲဒီစက်ရုံရဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ ရပ်နားလိုက်ပြီ ဖြစ်ပါတယ်။
ဒေသစံတော်ချိန် မနက် ၇ နာရီခွဲ စာရင်းတွေအရ ကူမာမိုတို အပါအဝင် ပြည်နယ် ၃ ခုမှာ ရွှေ့ပြောင်းခိုလှုံသူ အရေအတွက် ၉,၆၀၀ ရှိနေပါတယ်။
ဒါ့အပြင် အိမ်ထောင်စု ၄,၅၀၀ မှာ လျှပ်စစ်မီး ပြတ်တောက်နေဆဲဖြစ်ပြီး အိမ်ထောင်စု ၇၉,၀၀၀ မှာ ရေမလာသေးဘူးလို့လည်း သိရပါတယ်။
စနေ၊ တနင်္ဂနွေမှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်နီးပါးထိ မြင့်တက်မယ်လို့ ခန့်မှန်းထားတာ ကြောင့် သောကြာနေ့ ညနေပိုင်းအရောက်မှာ လျှပ်စစ်မီးပြန်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ကျူရှူး လျှပ်စစ်ဓာတ်အားကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။
ငလျင်လှုပ်ပြီး အသက်ရှင်ကျန်ရစ်နိုင်ခြေ အမြင့်ဆုံးဖြစ်တဲ့ ၇၂ နာရီအချိန်မကုန်ခင် အသက်ဘေး ကယ်ဆယ်ဖို့ လိုအပ်နေသူ တယောက်မှ မကျန်ရစ်အောင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ရဲ၊ မီးသတ်နဲ့ စစ်တပ်တို့ ပူးပေါင်းပြီး အစွမ်းကုန် ပိုက်စိပ်တိုက် ဆက်လက်ရှာဖွေသွားမယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်က ဖြည့်စွက် ပြောပါတယ်။
Source: Reuters










