
စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်က စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် မြစ်သာမြစ်ရေနဲ့အတူ တောင်ကျချောင်းရေတွေ ရုတ်တရက် မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာအများအပြား ရေနစ်မြုပ်ခဲ့ပါတယ်။
အဆိုပါ ရေကြီးရေလျှံမှုတွေအတွင်း ရေစီးသန်တဲ့ ချောင်းတွေထဲ ပြုတ်ကျတာနဲ့ မျောပါသွားမှုတွေကြောင့် လက်ရှိအချိန်အထိ ကလေးငယ်တွေ အပါအဝင် သေဆုံးသူ ၅ ယောက်အထိ ရှိလာနေပြီလို့ ကလေးမြို့ခံတယောက်က DVB ကို အတည်ပြုပါတယ်။
“မြို့ပေါ်မှာတော့ မဟုတ်ဘူး၊ ဖြစ်တာက ကျေးရွာဘက်တွေမှာ ဖြစ်တာ။ တောင်ကျရေဆိုတော့ ရေစီးအရမ်းသန်တယ်လေ။ ရေစီးနဲ့ ပါသွားကြတာပါ။ အခုတော့ ရေပြန်ကျသွားပါပြီ။”
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက် မနက်ပိုင်းက သီးငုတ်ချောင်းထဲ အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတယောက်ဟာ ရေတိမ်ပိုင်းကို ဖြတ်ကူးရင်း ခြေချော်ကာ တောင်ကျရေစီးနဲ့အတူ မျောပါ သေဆုံးသွားခဲ့ပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၄ ရက် မနက်ပိုင်းကလည်း လက်ပံချောင်းကျေးရွာကနေ နွားကျောင်းထွက်သွားတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားတယောက် နံချောင်းချောင်းထဲ ပြုတ်ကျမျောပါသွားခဲ့ပြီး နောက်တနေ့မှာ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရသလို အဲဒီနေ့ မနက်ပိုင်းမှာပဲ ချမ်းသာကျေးရွာအနီး ချောင်းရေကြီးမှုကြောင့် မျောပါသေဆုံးခဲ့ရတဲ့ ရုပ်အလောင်းတလောင်းကိုလည်း ဒေသခံတွေက ထပ်မံဆယ်ယူခဲ့ရပါတယ်။
အလားတူ စက်တင်ဘာ ၃ ရက်ကလည်း ၉ မိုင်ဘက်မှာ ကလေးငယ်တယောက် ရေစီးနဲ့အတူ မျောပါသေဆုံးခဲ့ရသလို ရေစတင်ကြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက် ညပိုင်းကလည်း ကလေးမြို့ ဥပုသ်ချောင်း ရေလျှံတက်လာတာကို သွားရောက်ကြည့်ရှုတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတယောက် ရုတ်တရက် ကမ်းပါးမြေပြိုကျသွားတာကြောင့် ချောင်းရေစီးထဲ မျောပါ သေဆုံးသွားခဲ့ပါတယ်။
လက်ရှိ ကလေးမြို့ပေါ်မှာ ရေပြန်ကျသွားပြီ ဖြစ်ပေမဲ့ ရေကြီးရေလျှံမှုအတွင်း သေဆုံးသူ ၅ ယောက်အထိ ရှိလာနေတာပါ။
ကလေးမြို့ခံတယောက်က “ရေပြန်ကျပြီဆိုပေမဲ့ ရေဘေးစခန်းကသူတွေက ပြန်လို့မရသေးဘူး။ ပြန်လည်ထူထောင်ရေးအပိုင်းက မစရသေးတာ။ ပြီးတော့ ဒီလောက် ရေဘေးကြုံနေတာတောင် ပေါ်တာအဆွဲမပြတ်တော့ လူတွေကလည်း မကူညီရဲဘူးလေ” လို့ ပြောပါတယ်။
ကလေးမြို့မှာ စက်တင်ဘာ ၁ ရက်ကနေ ၃ ရက်အထိ မိုးသည်းထန်စွာ ရက်ဆက် ရွာသွန်းခဲ့တာကြောင့် မြစ်သာမြစ်နဲ့ ဥပုသ်ချောင်းရေတွေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ ရပ်ကွက်၊ ကျေးရွာ အများအပြား ရေနစ်မြုပ်ခဲ့ရတာ ဖြစ်ပါတယ်။
ယာယီရေဘေးစခန်းကို လူ ၁,၀၀၀ ကျော် လာရောက်ခိုလှုံနေရပြီး ရေပြန်လည်ကျဆင်းသွားတဲ့ နေရာတချို့ ရှိနေပြီဖြစ်ပေမဲ့ မြစ်ချောင်းကမ်းပါးပြိုကျမှု အန္တရာယ်တွေနဲ့ တောင်ကျချောင်းရေ ရုတ်တရက် ထိုးဆင်းလာနိုင်တဲ့ အခြေအနေတွေကို ဒေသခံတွေအနေနဲ့ အထူးသတိပြုကြဖို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက သတိပေးထားပါတယ်။











