
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ငွေကျပ် သန်း ၃,၀၀၀ လောက်တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိပြီး ပိုင်ရှင်ကိုတော့ မမိဘူးလို့ စစ်အာဏာရှင်လက်အောက်ခံ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုအဖွဲ့က နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၁ လအတွင်း ကျပ်သန်းထောင်ချီတန်တဲ့ မူးယစ်ဆေးဖမ်းမိတာ ၅ ကြိမ်ရှိခဲ့ပြီး စုစုပေါင်း ကျပ်သန်း ၁၇,၀၀၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၃ ရက်က ကလေးမြို့နယ်၊ ကျီကုန်းရွာနားမှာ စိုင်းကိုကို မောင်းနှင်ပြီး လွင်ဖြိုးအောင် လိုက်ပါလာတဲ့ Nissan Condor ကားပေါ်ကနေ ဘိန်းဖြူ ၂၇ ဒသမ ၇၂ ကီလို ကို သတင်းအရ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာ ၅ ရက်နေ့မှာ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူတွေ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ ခုပ်လမ့်ထွန်း(ခ)မောင်လှိုင် ကို ကလေးမြို့၊ ပင်လုံရပ်ကွက်မှာ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သတင်းကွင်းဆက်အရ နိုဝင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ကလေးမြို့နယ်၊ ကျီကုန်းရွာနားမှာပဲ ဇာနည်မိုး(ခ)မိုးအောင် မောင်းနှင်ပြီး အောင်နိုင်မင်း(ခ)မင်းမင်း လိုက်ပါလာတဲ့ Dong Feng ကားပေါ်ကနေ ဘိန်းဖြူ ၁၁ ဒသမ ၆၆ ကီလို ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ အဲဒီနေ့မှာပဲ ဘိန်းဖြူတွေ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ မောင်လှ(ခ)သော့ပြောင်း ကို ဘိန်းဖြူတွေ သယ်ဆောင်ခိုင်းသူ ဇော်ဝင်းမောင်(ခ)မောင်ပိန် ကို နိုဝင်ဘာ ၆ ရက်မှာ အသီးသီး ဖမ်းဆီးရမိလို့ စုစုပေါင်းငွေကျပ်သန်း ၂,၈၁၈ ကျော်ဖိုး ဘိန်းဖြူ ၃၉ ဒသမ ၃၈ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်တွေအရ အဲဒီဘိန်းဖြူတွေရဲ့ ပိုင်ရှင်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နေ အားပီး(ခ)အပိ ဖြစ်ပြီး နောက်ထပ်လည်း နေလင်းထိုက်(ခ)ငပိကောင် ကို ဖမ်းဖို့ ကျန်သေးတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၃၁ ရက်ကလည်း စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်နားမှာ မျိုးနိုင်ဝင်း(ခ)ကိုမျိုး၊ မခင်မိမိစိုး နဲ့ မထက်ထက် တို့လိုက်ပါလာတဲ့ Pajero ကားပေါ်ကနေ စိတ်ကြွဆေးပြား ၁၁ ဒသမ ၃ သိန်း(ဒေသတန်ဖိုးငွေကျပ်သန်း ၂,၂၆၀ ကျော်) ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ စိတ်ကြွဆေးပြားတွေပို့ဆောင်ပေးသူတွေဖြစ်တဲ့ စိုင်းမျိုးနိုင်(ခ)ကိုမိုး ကို ကျောက်မဲမြို့မှာ အဲဒီနေ့ကပဲ ဖမ်းမိတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၃ ရက်မှာလည်း ကော့ကရိတ်မြို့၊ တံတားကျိုးကျေးရွာနားမှာ ရဲကိုကိုဝင်း ကို စိတ်ကြွဆေးပြားတွေ သယ်ဆောင်ရာမှာသုံးတဲ့ AD Van ကားနဲ့ ဖမ်းမိခဲ့ပြီး ဆေးပြားတွေကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကနေ စစ်ကိုင်းတိုင်း၊ ကလေးကို သယ်ဆောင်ရောင်းဝယ်ရာမှာ အဓိကစီမံခန့်ခွဲတဲ့ ဝမ်းဟိုင်းရွာနေ ကိုလတ်(ခ)အားတီ ကိုတော့ ဖမ်းမမိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၆ ရက်ကလည်း နောင်ချိုမြို့နယ်၊ သာစည်ကျေးရွာနားမှာ ကွတ်ခိုင်ကနေ ရန်ကုန်ကို သန်းထွန်းအောင် မောင်းနှင်ပြီး အေးမင်းထွေး လိုက်ပါလာတဲ့ Mitsubishi Fuso ကားပေါ်ကနေ စိတ်ကြွဆေးပြား ၄၅ ဒသမ ၇ သိန်း(ဒေသကာလတန်ဖိုးငွေကျပ်သန်း ၂,၂၈၅)ကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြားတွေသယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူ လီဆာ(ခ)ယောလှ(ခ)ရှမ်းလေး ကို မိုးကုတ်မြို့၊ မင်းတံတားရပ်မှဦ အောက်တိုဘာ ၁၈ ရက်က ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၆ ရက်မှာပဲ နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာနားမှာ မိုင်းရယ်ကနေ မန္တလေးကို မျိုးသန့်ထက်(ခ)မျိုးကြီး မောင်းနှင်ပြီး မခတ္တာဖူး လိုက်ပါလာတဲ့ Hino Van ကားပေါ်ကနေ စိတ်ကြွဆေးပြား ၄၄ သိန်း(ဒေသကာလတန်ဖိုးငွေကျပ်သန်း ၂,၂၀၀)၊ ဘိန်းညိုမှုန့် အလေးချိန် ၁၆၀ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သန်း ၈၀၀) ကိုဖမ်းမိပြီး အဲဒီနေ့ ညနေပိုင်း အဲဒီနေရာမှာပဲ သီပေါကနေ နောင်ချိုကို စိုင်းညွန့်ဆွေ မောင်းနှင်ပြီး စိုင်းအောင်ပွင့် လိုက်ပါလာတဲ့ Mitsubishi Canter ကားပေါ်ကနေ စိတ်ကြွဆေးပြား ၁ ဒသမ ၃ သိန်း (ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၆၅၀) ကို ထပ်ဖမ်းမိတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၄ ရက်ကတော့ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်နေ စိုင်းငင်း(ခ)အိုက်အေး နဲ့ မနန်းစံဖောင်း တို့ရဲ့အိမ်ကို ဝင်ရောက်ရှာဖွေရာမှာ အိမ်ထဲကနေ စိတ်ပြောင်းဆေးဝါးတွေဖြစ်တဲ့ ကက်တမင်းအဆီရည် ၂၆ ဒသမ ၁၅ လီတာ (ဒေသကာလတန်ဖိုးငွေကျပ်သန်း ၇,၈၄၅)၊ စိတ်ကြွဆေးပြား ၂၀၀ ပြား (ဒေသကာလတန်ဖိုးငွေကျပ် ၈၀,၀၀၀)၊ ကက်တမင်းအမှုန့် ၃၀ ဂရမ် (ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၇ သိန်း)၊ အနံ့ဆေးရည် ၉ လီတာ (ဒေသကာလတန်ဖိုးငွေကျပ် ၄၅,၀၀၀) ကို ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။











