
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်မှာ စက်တင်ဘာ ၂၁ ရက် မနေ့ည ၁၁ နာရီလောက်က မီးလောင်ပြီး အမျိုးသမီး ၃ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။
မီးလောင်ရာကို ကလေးခရိုင်/မြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁၁ နာရီ ၄၅ မှာ မီးငြိမ်းတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မီးလောင်မှုဖြစ်ပွားတာမှာ အမျိုးသမီး ၃ ယောက် သေဆုံးပြီး အလောင်းကို မီးသတ်တပ်ဖွဲ့၊ ပုညကုသလ လူမှုကူညီရေးအသင်း၊ ကရုဏာ လူမှုကူညီရေးအသင်းတို့က ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ ပုညကုသလ လူမှုကူညီရေးအသင်းက ဆိုပါတယ်။
တံတားဦးထိပ်နားက Apple ကွန်ပျူတာ မိတ္တူဆိုင်မီးလောင်လို့ အပေါ်ထပ်မှာနေတဲ့ အမျိုးသမီး ၃ ယောက် သေဆုံးပြီး ပတ်ဝန်းကျင်ကို မီးကူးစက်တာမရှိသလို အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။











