
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ငွေကျပ်သန်း ၂,၃၀၀ ကျော်ဖိုး ဘိန်းဖြူတွေဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၇ ရက် ညပိုင်းက စစ်ကိုင်းတိုင်းရဲတွေနဲ့ ပူးပေါင်းအဖွဲ့ဟာ မုံရွာမြို့၊ အိုးဘိုထောင် ရပ်ကွက်နေ ဇော်နိုင် ရဲ့ နေအိမ်ကို သတင်းအရ သက်သေတွေနဲ့အတူ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
သူနဲ့အတူ ကျော်မင်းလွင်(ခ)ဟိန်းထက်ဝင်း၊ ဝမ်းဝမ်း၊ ဇော်ဟိန်းထက်တို့ကို FORLAND အမျိုးအစား ကားနဲ့အတူ ကားပေါ်က ဘိန်းဖြူ အလေးချိန် ၆၆ ကီလို(ဒေသကာလတန်ဖိုးငွေ ကျပ်သန်း ၂,၃၁၀) နဲ့ လက်ကိုင်ဖုန်း ၃ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဇော်နိုင်(၄၉)နှစ်၊ ကျော်မင်းလွင်(ခ)ဟိန်းထက်ဝင်း(၂၄)နှစ်၊ ဝမ်းဝမ်း(၁၉)နှစ် နဲ့ ဇော်ဟိန်းထက်(၃၁)နှစ်တို့ကို မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး ကွင်းဆက်တွေကို ဖော်ထုတ် နေတယ်လို့ ထုတ်ပြန်ပါတယ်။
ဘိန်းဖြူတွေကို ဘယ်သူပိုင်တယ်၊ ဘယ်ကနေ ဘယ်ကိုပို့မယ်ဆိုတာကိုတော့ ဖော်ပြထားတာ မရှိဘဲ ပုံမှန်ဆိုရင်တော့ တန်ဖိုးများမူးယစ်ဆေးဝါးအမှုကို ကွင်းဆက်တွေ ဖော်ထုတ်ပြီးမှ ထုတ်ပြန်လေ့ရှိပြီး အခုတော့ နောက်ကျဖော်ပြထားပေမဲ့ ကွင်းဆက်တွေ ပါမလာပါဘူး။










