
နီပေါနိုင်ငံမှာ ဩဂုတ် ၂၆ ရက်က ရေခဲမြစ်ပြိုကျမှုကြောင့် ဖြစ်ခဲ့တဲ့ မြေပြိုမှုအတွင်း သေဆုံးသူဦးရေ ၁,၃၅၀ ကျော်သွားပြီလို့ နီပေါရဲတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ပြောပါတယ်။
ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းတွေအရ စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် ည ၈ နာရီအထိ အလောင်း ၁,၃၅၃ လောင်းကို ပြန်ရှာတွေ့ခဲ့တာပါ။
ခုအချိန်အထိ ဘေးအန္တရာယ်ဖြစ်ပြီးတဲ့နောက် ဒဏ်ရာရသူ ၉,၁၅၉ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီးပါပြီ။
ကယ်တင်နိုင်ခဲ့သူတွေထဲက အယောက် ၃,၁၉၀ ကို ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှာ ဘေးကင်းကင်း နေရာချထားပေးနိုင်ခဲ့တယ်လို့ နီပေါရဲတပ်ဖွဲ့ပြောခွင့်ရ အာဘီ နာရာယန် ကဖဲလ်က ပြောပါတယ်။
ခုအချိန်အထိ ရှာတွေ့ထားတဲ့ ရုပ်အလောင်းတွေရဲ့ ၄ ရာခိုင်နှုန်းကိုသာ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်သေးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတယောက်ကို ကိုးကားပြီး BBC က ဖော်ပြပါတယ်။
အာဏာပိုင်တွေက DNA စစ်ဆေးမှုကတဆင့် ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ဖို့ တိုးမြှင့်ကြိုးပမ်းနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဟိမဝန္တာနိုင်ငံ နီပေါရဲ့ မြစ်ကြောင်းစနစ်တွေကြောင့် ရေကြီးခဲ့တဲ့နေရာရဲ့ အောက်ဘက်အစွန်ဆုံးက ချစ်ဝမ်ခရိုင်မှာ ရုပ်အလောင်း ၃၀၀ နီးပါး မြစ်ကမ်းပေါ်လာတင်ခဲ့တာကြောင့် သင်္ဂြိုဟ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။
နီပေါကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေထဲက တရုတ်ရေအားလျှပ်စစ်လုပ်သား တယောက်နဲ့ နီပေါအမျိုးသမီးတယောက်ကို အသက်ရှင်လျက် ဆယ်ယူနိုင်ခဲ့ပြီး ပျောက်ဆုံးနေဆဲ လူထောင်ပေါင်းများစွာကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။
Source: Reuters











