တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လူ ၃ ယောက် သေဆုံး၊ ၅ ယောက် ပျောက်ဆုံးနေပြီး လူပေါင်း ၂,၇၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အစ္စတန်ဘူလ် မြို့တော်ဝန်ရုံး တာဝန်ရှိသူတွေက အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။
အာယာဇာဂါ ဗဟိုရင်ပြင်မှာ စည်ပင်ဝန်ထမ်းတွေက လမ်းဘေးပလက်ဖောင်းတွေကို ရှင်းလင်းနေကြပြီး ဆိုင်ပိုင်ရှင်တွေက လမ်းပေါ်က ရွှံ့နွံတွေကို လိုက်လံရှင်းလင်းနေကြပါတယ်။
အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခွဲလောက်မှာ မိုးစတင်ရွာသွန်းခဲ့ပြီး မြစ်ညာဘက်ရှိ ချောင်းကမ်းပါး ကျိုးပေါက်ခဲ့တာကြောင့် ညနေ ၆ နာရီလောက်မှာ ရေစတင်လျှံတက်လာခဲ့တာပါ။
ည ၇ နာရီ ၈ နာရီလောက်မှာတော့ ရေအမှတ်ဟာ ဒူးဆစ်အထိ မြင့်တက်လာပြီး ကားတွေပါ ရေမြုပ်သွားခဲ့တယ်လို့ ဒေသခံ အာကွတ်အာယာဇ်က ပြောပါတယ်။
အာယာဇာဂါ ရပ်ကွက်အတွင်း လမ်းအဝင်ဝ ပိတ်ဆို့သွားခဲ့သလို အာယာဇာဂါနဲ့ ကာဂီသာနဲ ရပ်ကွက်နှစ်ခုဟာ ပျက်စီးဆုံးရှုံးမှု အများဆုံး ကြုံတွေ့ခဲ့ရပါတယ်။
ပြည်ထဲရေးဝန်ကြီး မွတ်စတာဖာ ချစ်ဖ်ချီကတော့ AFAD (သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့)၊ ကမ်းခြေစောင့်တပ်၊ ဂျန်ဒါမာရီ (ရဲတပ်ဖွဲ့) နဲ့ စည်ပင်အဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် မြို့တဝန်းက ဒုက္ခရောက်နေသူ ၂,၇၂၇ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီ ဖြစ်သလို အာယာဇာဂါ ရပ်ကွက်အတွင်း ပိတ်မိနေသူတွေကိုလည်း ရွှေ့ပြောင်းပေးမှု အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီလို့ ပြောပါတယ်။
ဒါပေမဲ့ အာယာဇာဂါရပ်ကွက်မှာ လက်ရှိအချိန်မှာ လျှပ်စစ်မီး၊ သောက်သုံးရေနဲ့ သဘာဝဓာတ်ငွေ့လိုင်းတွေ ပြတ်တောက်နေပြီး ဈေးဆိုင်တွေလည်း ပိတ်ထားရတာကြောင့် မနက်ပိုင်းမှာ ပေါင်မုန့်ဝယ်ဖို့တောင် အလွန်ခက်ခဲနေတယ်လို့ ဒေသခံ အာကွတ်အာယာဇ်က ပြောပါတယ်။
မိသားစုတွေနဲ့လည်း ဆက်သွယ်ရေး ပြတ်တောက်နေပြီး အဆောင်တွေပေါ်မှာလည်း ကျောင်းသားအများအပြား ပိတ်မိနေတယ်လို့ ဆိုပါတယ်။
တခြားဒေသခံ အာစီယေ ကူချက်အိုစမန်ကလည်း အိမ်သာမှတဆင့် ရေလျှံတက်လာပြီး အိမ်တွင်းရှိ ပစ္စည်းတွေအားလုံး ပျက်စီးသွားခဲ့တဲ့အပြင် နေအိမ် ရေမြုပ်ရတာဟာ မိုးရွာလို့မဟုတ်ဘဲ စည်ပင်ရဲ့ မိလ္လာစနစ် ညံ့ဖျင်းမှုကြောင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရက်ပေါင်းများစွာ သတိပေးချက်တွေ ထုတ်ပြန်နေပေမဲ့ ပင်မ ရေဆိုးမြောင်းတွေကို မရှင်းလင်းထားဘူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
လမ်းဘေးမှာ ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်းတွေ၊ စွန့်ပစ်ခ မပေးချင်လို့ ချောင်းအတွင်းကို အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်ထားကြတယ်လို့လည်း ပြောပြခဲ့ပါတယ်။
Source: Reuters











