
ဂျပန်နိုင်ငံတောင်ပိုင်း၊ ကျူရှူးကျွန်းမှာ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၁ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်တခု လှုပ်ခတ်သွားပြီး ဈေးဝယ်စင်တာပြိုကျလို့ လူအများအပြားပိတ်မိနေခဲ့ကာ လူ ၂ ယောက် သေဆုံးသွားပါတယ်။
ဒီငလျင်ဟာ ဇူလိုင်လ ၂၈ ရက်၊ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၇ မိနစ် (မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅၇ မိနစ်) မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ငလျင်ကြောင့် လမ်း၊ တံတားတချို့ ပျက်စီးခဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် ကူမာမိုတိုမြို့က Aeon Mall ဈေးဝယ်စင်တာရဲ့ ဒုတိယထပ် ပြိုကျခဲ့တဲ့အတွက် လူအများအပြား ပိတ်မိနေတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ဈေးဝယ်စင်တာမှာ ပေါက်ကွဲမှုမဖြစ်ခင် ဝန်ထမ်းတွေက ဈေးဝယ်သူတွေကို အပြင်ဘက်ဆီ ကယ်ထုတ်ပေးခဲ့ရပြီး အသက် ၂၀ အရွယ် အမျိုးသမီး ၂ ယောက် သေဆုံးသွားတယ်လို့ ဂျပန်အမျိုးသားရုပ်သံ (NHK) က ဖော်ပြပါတယ်။
ဒါပေမဲ့ ဈေးဝယ်စင်တာဝန်ထမ်း အယောက် ၂၀ ကနေ ၃၀ အထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ က အတည်ပြုထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃,၆၀၀ ကို စေလွှတ်ထားပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်က ငလျင်လှုပ်စဉ်ကလည်း ဒုတိယနေ့မှာ ပိုပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့တဲ့အတွက် အခုလည်း ထပ်မံသတိထားကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
လက်ရှိအချိန်အထိ နောက်ဆက်တွဲငလျင် အကြိမ် ၆၀ ကျော် လှုပ်ခတ်ခဲ့တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ထားပါတယ်။
ဒီငလျင်ကြောင့် ကူမာမိုတိုနဲ့ မိုင်ရာချီဝေးတဲ့ တိုကျိုမြို့က ဟာနဲဒါလေဆိပ်မှာ ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ် ၄၀ ကျော်ကိုလည်း နှောင့်နှေး၊ ဖျက်သိမ်းထားရပါတယ်။










