DVB Logo
Home
နိုင်ငံတကာ
ပါလက်စတိုင်း ကလေးငယ် ၂,၀၀၀ ကျော်ကို အစ္စရေး ဖမ်းဆီးထား
DVB
·
October 15, 2026
Photo: CCTV, CGTN
Photo: CCTV, CGTN
Donate to DVB

၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ စပြီး အစ္စရေးတပ်ဖွဲ့တွေဟာ ပါလက်စတိုင်း ကလေးငယ် အယောက် ၂,၀၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအသစ်ထဲမှာ အစ္စရေးအာဏာပိုင်တွေဟာ ကလေးငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ အစ္စရေးအကျဉ်းထောင်တွေထဲ ကလေးဦးရေ ၃၅၀ ထက်မနည်းဟာ “ဆိုးရွားကြမ်းတမ်းတဲ့ အခြေအနေတွေနဲ့”  ရင်ဆိုင်နေရတယ်ဆိုပြီး ပါလက်စတိုင်းအကျဉ်းသားများအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၃ ရက်က အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသက ဟီဘရွန်မြို့မှာ ပါလက်စတိုင်းကလေး ၆ ယောက်ထက်မနည်းကို ထပ်ပြီး ဖမ်းဆီးခဲ့ပါသေးတယ်။

အလားတူ အစ္စရေး ဝိုင်းရံပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြောင်ဒေသမှာလည်း ပျောက်ဆုံးနေသူ ထောင်နဲ့ချီပြီး ရှိတဲ့အလျောက် အဖမ်းခံထားရဆဲ ကလေးငယ်တွေနဲ့ ပတ်သက်ရင် အရေအတွက် အတိအကျ မသိရသေးပါဘူး။

အစ္စရေးမူဝါဒအရ “ကလေးတွေဟာ မသေချာ မရေရာတဲ့ အနာဂတ်နဲ့ ရင်ဆိုင်နေရပြီး ပညာရေး တည်ငြိမ်မှုနဲ့ မိသားစုတွေ့ဆုံခွင့်ပါ ဆုံးရှုံးနေရတာကြောင့် လူ့အခွင့်အရေးချိုးဖောက်ရာ ရောက်သလို ရာဇဝတ်မှုမြောက်တယ်” လို့လည်း PPS အဖွဲ့က ထောက်ပြပါတယ်။

ဘာစွဲချက်မှမတင်ဘဲ ဖမ်းဆီးထားတာနဲ့ ပြန်လွှတ်မဲ့ရက် သတ်မှတ်ထားတာမျိုး မရှိဘဲ ထိန်းသိမ်းထားတာ စသဖြင့် ဆိုးရွားတဲ့ အလေ့အထတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီနောက် “ခြိမ်းခြောက်ဖမ်းဆီးမှု” ကနေ စတင်ပြီး “ညှဉ်းပန်းနှိပ်စက်တာ၊ အစာရေစာ အငတ်ထားတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးဘဲ ငြင်းပယ်တာမျိုးအထိ” ရှိနေတာကို အစီရင်ခံစာထဲမှာ ဖော်ထုတ်ထားပါတယ်။

ဒါကြောင့်ပဲ ပါလက်စတိုင်းအကျဉ်းသားများအသင်း (PPS) က “တကယ်လက်တွေ့ကျတဲ့ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုတွေ” ကို တောင်းဆိုခဲ့တဲ့အပြင် စုံစမ်းစစ်ဆေးမှုတွေ စတင်ဖော်ဆောင်ဖို့၊ ဖိနှိပ်ညှဉ်းပန်းမှုတွေ အဆုံးသတ်ဖို့နဲ့ အကြောင်းမဲ့ ဖမ်းဆီးခံ ကလေးတွေ ပြန်လွတ်မြောက်ဖို့အထိ ပါဝင်ပါတယ်။

လောလောဆယ် အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်က လူထောင်ပေါင်းများစွာကို ထိန်းသိမ်းထားသလို အနောက်ဘက်ကမ်းမှာလည်း ပါလက်စတိုင်းအယောက် ၂၅,၀၀၀ နဲ့အထက် ဖမ်းဆီးထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013