
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ ဇွန် ၃၀ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် (HNRP) အတွက် စုစုပေါင်းလိုအပ်ချက် အမေရိကန်ဒေါ်လာ ၈၉၀ သန်း ရှိတဲ့အနက် ၄၃ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၃၈၇ သန်းသာ ရရှိထားပါသေးတယ်။
ဒါကြောင့် အစီအစဉ်တခုလုံး အကောင်အထည်ဖော်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅၀၃ သန်း အရေးတကြီး ထပ်မံလိုအပ်နေပြီး၊ လက်ရှိရရှိထားတဲ့ ရန်ပုံငွေအခြေအနေဟာ မြေပြင်က ကြီးမားတဲ့ လိုအပ်ချက်အတိုင်းအတာနဲ့ ကိုက်ညီမှုမရှိဘူးလို့ OCHA ကထုတ်ပြန်ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက အသက်ဘေးရှင်သန်ရေး အကူအညီတွေကို ဦးစားပေး ဆောင်ရွက်နေကြပေမဲ့ ကဏ္ဍအလိုက် ရန်ပုံငွေရရှိမှုမှာ အလွန်ကွာဟနေဆဲဖြစ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စားနပ်ရိက္ခာဖူလုံရေးကဏ္ဍအတွက် ဒေါ်လာ ၁၈၄ သန်း လိုအပ်ချက်အနက် (၆၉ ဒသမ ၇ သန်း)၊ ကျန်းမာရေးကဏ္ဍအတွက် ဒေါ်လာ ၉၂ သန်းအနက် (၄၂ ဒသမ ၇သန်း)၊ ကာကွယ်စောင့်ရှောက်ရေးကဏ္ဍအတွက် ဒေါ်လာ ၁၁၆ သန်းအနက် (၂၇ ဒသမ၁ သန်း) နဲ့ အမိုးအကာ၊ လူသုံးကုန်ပစ္စည်းနှင့် စခန်းညှိနှိုင်းရေးကဏ္ဍအတွက် ဒေါ်လာ ၁၂၃ သန်း လိုအပ်တဲ့အနက် (၂၃ ဒသမ ၃ သန်း) သာ ရရှိထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဘက်စုံသုံးငွေသားထောက်ပံ့မှုကဏ္ဍမှာတော့ လိုအပ်ချက်ဒေါ်လာ ၈၅ သန်းကို ၁၀၀ ရာခိုင်နှုန်းအပြည့် ပြည့်မီအောင် ရရှိထားတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအစီအစဉ်အတွက် အဓိက ရန်ပုံငွေထည့်ဝင်ထားတဲ့ ထိပ်သီးအလှူရှင်နိုင်ငံတွေကတော့ အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ နဲ့ သြစတြေးလျနိုင်ငံတို့က ဖြစ်ကြပါတယ်။











