
အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိတဲ့ ကျန်းမာရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအသစ်တွေကို လက်ခံရရှိမဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံ ပါ၀င်တယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက စက်တင်ဘာ ၂၈ ရက်က ထုတ်ပြန်ပါတယ်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေတဲ့ လူတွေနဲ့ အဖွဲ့အစည်းတွေကနေ တဆင့် မြန်မာပြည်သူတွေအတွက် အရေးပါတဲ့ ပံ့ပိုးကူညီမှုတွေကို ပေးအပ်သွားတာနဲ့ လူ့အသက်တွေ ကယ်တင်ပြီး အမေရိကန်နိုင်ငံကို ပိုမိုဘေးကင်းလုံခြုံစေမဲ့ ရေရှည်တည်ငြိမ်မှုကို အားကောင်းလာစေမှာ ဖြစ်ကြောင်း အကူအညီပေးရတဲ့ရည်ရွယ်ချက်ကို သံရုံးက ဆိုပါတယ်။
ရလဒ်ကောင်းရှိထားတဲ့ အကူအညီပေးရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အမေရိကန်နိုင်ငံဟာ အမှန်တကယ် အကူအညီလိုအပ်နေတဲ့ ဒေသတွေဆီ အရင်းအမြစ် ပိုမိုရောက်ရှိဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရဟာ အခွန်ထမ်း အမေရိကန်ပြည်သူတွေရဲ့ ငွေတွေကို တာ၀န်ယူမှုရှိရှိ စီမံခန့်ခွဲပေးနေပြီး မြန်မာပြည်သူတွေ အရေးတကြီး လိုအပ်နေချိန်မှာ အကူအညီတွေ ပေးအပ်မယ်လို့ ဆိုပါတယ်။
ယုံကြည် စိတ်ချရတဲ့ ဘာသာရေးအခြေပြုနဲ့ လူမှုအဖွဲ့အစည်းတွေကနေတဆင့် ကန် ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ အကူအညီအသစ်တွေ ပေးအပ်ရာမှာ လက်ခံရရှိမဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းထားတာဖြစ်ပြီး ပမာဏ ဘယ်လောက်ရမယ် ဘယ်အဖွဲ့အစည်းတွေက တဆင့်ပေးအပ်မယ်ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထာ မရှိပါဘူး။










