DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကြောင့် မြန်မာကလေးငယ် ၄ ဒသမ ၉ သန်း လူသားချင်းစာနာမှုအကူအညီ အရေးပေါ် လိုအပ်နေ
DVB
·
October 13, 2026
Photo: UN
Photo: UN
Donate to DVB

စစ်အာဏာရှင်တပ်ရဲ့ ကလေးသူငယ်တွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး မြန်မာကလေးငယ် ၄ ဒသမ ၉ သန်းဟာ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အောက်တိုဘာ ၁၂ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောလိုက်တာပါ။

မြန်မာကလေးငယ် ၄ ဒသမ ၉ သန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးတကြီး လိုအပ်လျက်ရှိကြောင်း၊ စစ်အာဏာရှင်ဘက်က ဒီအကူအညီတွေကို ရည်ရွယ်ချက်ထားရှိပြီး ပိတ်ဆို့နေလို့ ၁ ဒသမ ၂ သန်းသော ကလေးသူငယ်တွေဟာ အခြေခံကျတဲ့ အသက်ကယ်ဖြစ်တဲ့ ကာကွယ်ဆေးတွေနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ အလုံးစုံ ဖြတ်တောက်ခံထားရကြောင်း အစည်းအ‌ဝေးမှာ ထုတ်ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်ရာ ကျေးရွာ၊ နေအိမ်၊ ဈေး၊ စစ်ဘေးရှောင်စခန်း၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို မရှောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ သူက ထောက်ပြပါတယ်။

လူမဆန်တဲ့ စစ်အာဏာရှင်တွေရဲ့ လက်ချက်ကြောင့် မြန်မာကလေးငယ်တွေဟာ အသက်ဆုံးရှုံးမှု၊ မိသားစုတွေနဲ့ သေကွဲ၊ ရှင်ကွဲ ခွဲနေရကာ နေအိမ်တွေ ပျက်စီးတာ၊ စာသင်ကျောင်းတွေ ဗုံးကြဲခံရတာ၊ စားနပ်ရိက္ခာ ရှားပါးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့တာနဲ့ အနာဂတ်တွေ ပျောက်ဆုံးတာတို့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က တရားမဝင် အာဏာသိမ်းချိန်က စပြီး နိုင်ငံတဝန်းရှိ ကလေးသူငယ်တွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု၊ ဒရုန်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ သိသိသာသာ တိုးမြှင့်လာကြောင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ဟာ ထိခိုက်မှု အများဆုံး ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ထောက်ပြပါတယ်။

သာမန်ကလေးငယ်တယောက်အနေနဲ့ ဟမ်ဘာဂါ ၁ လုံးကို အလွယ်တကူ တောင်းဆိုလို့ ရနိုင်ကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေနဲ့ အထူးသဖြင့် သူတို့ဆန္ဒမပါဘဲ စစ်ဘေးရှောင်စခန်းကို ထွက်ပြေးတိမ်းရှောင်ခိုလှုံနေရတဲ့ ကလေးငယ်တွေအဖို့ ဟမ်ဘာဂါ ၁ လုံးသည်ပင် လူ့စည်းစိမ်ဖြစ်ကြောင်း ပြောပါတယ်။

အဆိုပါ ကလေးငယ်တွေအား ၁ လလျှင် ၁ ကြိမ် ဒါမဟုတ် ၃ လမှသာလျှင် ၁ ကြိမ် အထူးစားသောက်ဖွယ်ရာတွေ ကျွေးမွေးနိုင်ဖို့ ဒေသခံအသိုက်အဝန်းတွေနဲ့ ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေက ရန်ပုံငွေတွေ ရှာဖွေစုဆောင်းပြီးမှသာ အထမြောက်နိုင်ကြောင်း ဆိုပါတယ်။

စစ်အာဏာရှင်တွေနဲ့ လက်အောက်ခံတွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံရမဲ့သူတွေ ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အာဏာရှင်တွေကို အကာအကွယ်ပေးတာ၊ ကော်ဇာနီခင်း ကြိုဆို လက်ဆွဲနှုတ်ဆက်တာနဲ့ ရာဇဝတ်မှုတွေအတွက် ဆုပေးသလိုဖြစ်စေတာမျိုး မလုပ်သင့်ကြောင်းလည်း သံအမတ်ကြီးက ထောက်ပြပါတယ်။

မြန်မာပြည်သူတွေအပါအ၀င် ကလေးငယ်တွေကို ကယ်တင်နိုင်ဖို့  တာဝန်ရှိသူတွေကို တာဝန်ခံမှုရှိစေမဲ့ နိုင်ငံတကာယန္တရားတွေကို ထိရောက်စွာ အသုံးချဖို့နဲ့ လူသားဆန်မှုအပေါ် အခြေခံပြီး နိုင်ငံရေးဆန္ဒနဲ့ လက်တွေ့လုပ်ဆောင်ကြဖို့ ဦးကျော်မိုးထွန်းက အစည်းအ‌ဝေးမှာ နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013