
ဗင်နီဇွဲလားနိုင်ငံမှာ အင်အားပြင် ငလျင်ကြီး ၂ ခု ဆက်တိုက် လှုပ်ခတ်ခဲ့တာကြောင့် သေဆုံးသူ ဦးရေ အယောက် ၁,၄၃၀ အထိ မြင့်တက်ခဲ့တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ ရိုဒရီဂွတ်ဇ်က ပြောပါတယ်။
ငလျင်ကြောင့် ဒဏ်ရာရသူ ၃၂,၃၇၈ ယောက်အထိ ရှိခဲ့ကာ မိသားစုပေါင်း ၃,၁၄၂ ခုကို ထိခိုက်မှုတွေ ရှိခဲ့တာလို့ နိုင်ငံပိုင် ရုပ်သံကနေ ထုတ်လွှင့်ပါတယ်။
ပြင်းအားပမာဏ ရစ်ချ်တာစကေး ၇ ဒသမ ၂ နဲ့ ၇ ဒသမ ၅ ရှိတဲ့ အင်အားပြင်း ငလျင်ကြီး ၂ ခု စက္ကန့်ပိုင်းသားခြားပြီး နောက်ဆက်တွဲငလျင်တွေလည်း အကြိမ်ပေါင်း ၄၃၀ အထိ လှုပ်ခတ်ခဲ့တယ်လို့ ရိုဒရီဂွတ်ဇ်က ပြောပါတယ်။
ငလျင်ဒဏ်ခံစားနေရတဲ့ သူတွေကိုလည်း နိုင်ငံအာဏာပိုင်တွေ ကိုယ်စားဝမ်းနည်းမိကြောင်း ပြောဆိုခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာ ငလျင်ဒဏ်ခံစားနေရတဲ့နေရာတွေမှာ လူ သောင်းနဲ့ချီ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေဆဲ ဖြစ်ပါတယ်။
ငလျင်ဘေးသင့်ဒေသတွေကို ကီလိုဂရမ် ၇ ဒသမ ၂ သန်းရှိ အစားအသောက်တွေ ဖြန့်ဝေပေးထားကာ ငလျင်အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ လာဂူရီရာပြည်နယ်မှာ ဆေးဝါးအကူအညီတွေ ပေးထားကြောင်းလည်း ပြောပါတယ်။
လာဂရီရာပြည်နယ်မှာ ၆၀ ရာခိုင်နှုန်း လောက်မီးပြန်ရနေပြီ ဖြစ်ပြီး ရေရရှိမှုအောင် ကြိုးစားမှုတွေလည်း တိုးတက်လာတယ်လို့ ဆိုပါတယ်။
အဲ့ဒီဒေသမှာ ဗင်နီဇွဲလားအစိုးရက လမ်းရှင်းလင်းရေးအတွက် စက်ကြီး ၁၀၀ ကျော်နဲ့ လုပ်ဆောင်နေပါတယ်။ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း ၂၂၄၂ ယောက်ကလည်း ကယ်ဆယ်ရေးခွေးတွေ အသုံးပြုပြီး ပိတ်မိနေသူတွေကို ရှာဖွေ နေပါတယ်။










