DVB Logo
Home
မြန်မာသတင်း
ပြည်ပသွင်းကုန်ပစ္စည်းများ ပိတ်ပင်တားမြစ်ထားသဖြင့် ဈေးတက်ကြမ်း
DVB
·
July 2, 2026
Photo: DVB
Photo: DVB
Donate to DVB

စစ်အာဏာရှင်က ပြည်ပသွင်းကုန်တင်သွင်းမှုကို လိုင်စင်ချမပေးဘဲ ပိတ်ဆို့ပြီးတဲ့နောက် မြန်မာပြည်တွင်းမှာ ဆေးဝါး၊ လူသုံးကုန်၊ အခြေခံစားကုန်နဲ့ ကုန်ချောကအစ ကုန်ကြမ်းသွင်းရတဲ့ SMEs လုပ်ငန်းတွေ အခက်အခဲဖြစ်နေသလို ပြည်ပက သွင်းကုန်ပစ္စည်းမျိုးစုံတွေလည်း ဈေးအဆမတန် မြင့်တက်လာပါတယ်။

ထိုင်းနဲ့ တရုတ် စတဲ့ ပြည်ပသွင်းကုန်တွေလည်း ဈေးတွေတက်လာပြီး ပြည်သူတွေ အသုံးပြုရတဲ့ ဖိနပ်၊ တံမြက်စည်း၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့် စတဲ့ပစ္စည်းတွေလည်း ဈေးတက်နေတာမှာ ကျပ် ၂၀,၀၀၀ တန် ဖိနပ်တရံကို ကျပ် ၄၀,၀၀၀ ကျော် ဖြစ်လာသလို ကျပ် ၁၃,၀၀၀ တန် တံမြက်စည်းတွေကလည်း ရန်ကုန်အရောက် ကျပ် ၄၀,၀၀၀ ကျော်အထိ ဈေးတွေခုန်တက်သွားတယ်လို့ ဈေးကွက်ကနေ သိရပါတယ်။

ရန်ကုန်မြို့က ဖိနပ်ရောင်းချသူတယောက်က “အများကြီးသွင်းလို့ရရင် ဖိနပ်က သက်သာမယ်။ တကယ်တမ်း ဖိနပ်က အဲ့လောက်တန်ဖိုးမရှိဘူး။ လမ်းစရိတ်တွေမြင့်တာ။ သယ်စရိတ် ကီလိုနဲ့ယူတာ။ အများကြီးလည်း လျှော့ရောင်းချင်ပါတယ်။ အားလည်းနာပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ ထိုင်းနိုင်ငံကနေ လာရောက်ဖွင့်လှစ်တဲ့ မက်ခရိုကုန်တိုက်မှာလည်း ထိုင်းပစ္စည်းတွေ လပေါင်းများစွာ ပြတ်လပ်ခဲ့သလို လက်ရှိအချိန်မှာလည်း အလှကုန်နဲ့ စားကုန်အနည်းငယ် ပြန်ဝင်တာကလွဲလို့ ပြတ်လပ်နေဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံထုတ် ကျောက်ဆူးတံဆိပ် တံမြတ်စည်းတချောင်းဟာ ရန်ကုန်က မက်ခရိုကုန်တိုက်မှာ ကျပ် ၄၀,၀၀၀ ကျော်ထိ ပေါက်ဈေးရှိခဲ့ပါတယ်။

ဘားအံ၊ သာမည စတဲ့ သံလွင်အရှေ့ခြမ်းဒေသမှာ ကျပ် ၁၃,၀၀၀ သာရှိတဲ့ တံမြတ်စည်းတချောင်းဟာ ရန်ကုန်မြို့က မက်ခရိုကုန်တိုက်မှာ ကျပ် ၄၀,၀၀၀ ကျော် ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ဈေးချခဲ့ပေမဲ့ ကျပ် ၃၁,၀၀၀ အထိ ပေါက်ဈေးရှိနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံထုတ် Bsc တံဆိပ် ၁,၉၀၀ ဂရမ်ရှိတဲ့ ဆပ်ပြာမှုန့်တထုပ်ကလည်း ကရင်ပြည်နယ် နယ်စပ်မှာ ကျပ် ၁,၃၀၀၀ သာရှိပေမဲ့ ရန်ကုန်မြို့မှာတော့ ကျပ် ၃၈,၀၀၀ အထိ ရောင်းချနေကြတာ ဖြစ်ပါတယ်။

ထိုင်းသွင်းကုန်လမ်းကြောင်းပေါ်မှာရှိတဲ့ ဘားအံစစ်ဆေးရေးဂိတ်နဲ့ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်ဟာ သွင်းကုန်တွေကို တင်းကျပ်စစ်ဆေးခဲ့ပြီး သံလွင်အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ဒေသတွေမှာ ကုန်ဈေးနှုန်းကွာဟလွန်းလို့ အိမ်သုံးအတွက်ဝယ်လာတဲ့ လူသုံးကုန်စားကုန်တွေကို တထုပ်မကျန် သိမ်းယူခဲ့တယ်လို့ အဲဒီလမ်းမှာ သွားလာနေသူတယောက်က ပြောပါတယ်။

“တထုပ်တွေ့တာတောင် ဖမ်းတယ်။ သူတို့က ခြင်းလေးထဲမှာ ထည့်ထားတာ၊ အဲ့တထုပ်လည်း ယူလိုက်တာပဲ။ ဒီလိုအိတ်တွေ အကုန်လုံးဖြဲတာ။”

ကုန်ဈေးနှုန်းတွေက သွင်းကုန် ကုန်ကြမ်းကို မှီခိုရတဲ့ ပြည်တွင်းထုတ်ကုန်တွေရော၊ လာဘ်ငွေပေးပြီး သွင်းလာတဲ့ သွင်းကုန်တွေမှာပါ အဆမတန် ဈေးမြင့်လာတဲ့ဒဏ်ကို ပြည်သူတွေ ခံစားနေရပေမဲ့ စစ်အာဏာရှင်ကတော့ လျစ်လျူရှုထားတာ ဖြစ်ပါတယ်။

ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တခုမှ ခေါက်မုန့်ရောင်းတဲ့ အမျိုးသမီးကြီးတယောက်ကတော့ ကုန်ဈေးနှုန်းမြင့်တက်တဲ့ဒဏ်ကို အလူးအလဲ ခံနေရတဲ့အခြေအနေကို ပြောပြပါတယ်။

“ဆပ်ပြာလည်း ဈေးတက်တယ်။ အရင်တုန်းက ရွှေဒိုးလေးတထောင့်ကိုမှ ကျပ် ၈၀၀ ပဲရှိတယ်။ အခု ၁,၀၀၀၊ ၁,၀၀၀ ကနေ ၁,၅၀၀၊ ၁,၅၀၀ ကနေ ၁,၇၀၀။ ၃ တောင့်ကို ၅,၀၀၀၊ ၅,၁၀၀။ အကုန်လုံးဈေးတက်တာ။ အရင်တုန်းက ၂,၅၀၀ က အခု ၅,၀၀၀။ အရင်တုန်းက ကျန်းမာရေးဖိနပ်တရံကို ၁,၅၀၀ က အခု ၅,၀၀၀။ ပလတ်စတစ်အိတ် ၆၄ တထုပ်တောင် ဟိုတုန်းက ၈၀၀၊ ၁,၀၀၀ က အခု တထုပ်ကို ၂,၄၀၀၊ ငါးကိုးတထုပ်ကို ဟိုတုန်းက ၃၀၀၊ ၃၅၀ က အခု ၁,၀၀၀၊ ၁,၂၀၀၊ အဲ့တော့ ဒီပစ္စည်းတွေက တက်နေတဲ့အတွက် ရောင်းတဲ့သူကလည်း သူ့အတွက် တက်ရောင်းမှ အဆင်ပြေမယ်လေ။ ဒါတောင် ကိုယ်တွေက အများကြီး တက်မရောင်းဘူး။”

မြန်မာတနိုင်ငံလုံး ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်နေတဲ့ အခြေအနေကို စစ်အာဏာရှင်အစိုးရက ဖြေရှင်းနိုင်တာမရှိဘဲ ကုန်ဈေးနှုန်းကြောင့် အခြေခံလူတန်းစား ပြည်သူတွေ အစစအရာရာ ကျပ်တည်းလာတဲ့ အခြေအနေကလည်း ရုန်းထွက်ဖို့ ခက်ခဲလာကြပါတယ်။

ဒါကြောင့် အနည်းဆုံးတော့ ကုန်ဈေးနှုန်းကို အမြန်ဆုံးကျစေချင်တယ်လို့ တပိုင်တနိုင် စားစရာရောင်းချတဲ့ အမျိုးသမီးကြီးက ပြောပါတယ်။

“ကုန်ဈေးနှုန်း အမြန်ဆုံးကျစေချင်တယ်။ လူတွေ အဆင်ပြေပြေလေးနဲ့ ဆန်တပြည် ၂,၅၀၀ ကို အခု ၈,၅၀၀ ဝယ်စားရတယ်။ ဆန်ကြမ်းတပြည်တောင် ၅,၀၀၀၊ ၆,၀၀၀ ရှိတယ်။ ဆန်ချောတပြည်ကို ၁၀,၀၀၀ နား ကပ်နေတယ်။ သူတို့ကသာ မရောင်းရဘူးပြောပေမဲ့ သူတို့အိတ်တွေနဲ့ အထဲထဲမှာ ရောင်းတာက ၈,၀၀၀၊ ၁၀,၀၀၀ တွေချည်းပဲ။ အကြမ်းတောင် ၅,၀၀၀၊ ၆,၀၀၀ ပဲရှိတယ်။”

စစ်အာဏာရှင်အဆက်ဆက် ကုန်ဈေးနှုန်းကျဆင်းအောင် မလုပ်နိုင်ဘဲ ကုန်ဈေးနှုန်းကျဆင်းရေး ကော်မတီတွေကို ဟန်ပြဖွဲ့စည်းလုပ်ဆောင်ခဲ့ပေမဲ့ လက်ရှိ ၂၀၂၁ အာဏာသိမ်းစစ်အစိုးရကတော့ အလားတူ ကော်မတီကို ဟန်ပြတောင် မဖွဲ့စည်းနိုင်သလို ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုဒဏ် ခံစားနေရတဲ့ ပြည်သူတွေကို မျက်ကွယ်ပြုနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013