DVB Logo
Home
မြန်မာသတင်း
ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် လုပ်ခလစာ နည်းပါးမှုကြောင့် KTV တွင် လုပ်ကိုင်သူ များလာ
DVB
·
October 1, 2026
Photo: DVB
Photo: DVB
Donate to DVB

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ ကုန်စျေးနှုန်းကြီးမြင့်လာပြီး ဝင်ငွေနဲ့ ထွက်ငွေ မညီမျှတာကြောင့် KTV တွေမှာ အလုပ်လုပ်ကိုင်သူ များလာတယ်လို့ KTV မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေဆီက သိရပါတယ်။

မိသားစုဦးရေ များပြားပြီး အလုပ်လုပ်ကိုင်သူ တယောက်တည်းရှိတဲ့ နေအိမ်မှာ ရတဲ့လုပ်ခလစာနဲ့ စားဝတ်နေရေးပြဿနာကို မဖြေရှင်းနိုင်တာကြောင့် KTV မှာ ဝင်ရောက်လုပ်ကိုင်ရတာလို့ ရန်ကုန်မြို့ရှိ KTV တခုမှ အမျိုးသမီးတယောက်က DVB ကို ပြောပါတယ်။

“ညီမက အရင် အထည်ချုပ်မှာလုပ်တာ တလကို ၃ သိန်းပဲ ရတယ်။ အိမ်ငှားခနဲ့ စားစရိတ်နဲ့ ဘယ်လိုမှ မလောက်ဘူး။ အဖေက လေဖြတ်နေတယ်၊ အမေက ဆေးသွင်းနေရတယ်၊ မောင်လေးနဲ့ ညီမလေးက ကျောင်းတက်နေရတော့ ပိုက်ဆံပိုရတဲ့ KTV မှာ ဝင်လုပ်တာ။ ညီမ ဒီမှာလုပ်တယ် ဆိုတာ အိမ်ကို အသိမပေးရဲဘူး။”

KTV မှာ ဝင်ရောက်လုပ်ကိုင်သူ အမျိုးသမီး အများစုဟာ လစာ သောင်းဂဏန်းဝန်းကျင်လောက်သာ ရပေမဲ့ အခန်းခမှာ တနာရီကို ၅,၀၀၀ မှ ၇,၀၀၀ ကြား ရတဲ့အတွက် တလကို အနည်းဆုံး ၁၀ သိန်းမှ ၁၅ သိန်းဝန်းကျင်အထိ ရတယ်လို့ အဆိုပါအမျိုးသမီးက ဆက်ပြောပါတယ်။

“လစာက အဲဒီလောက်ရတာမဟုတ်ဘူး၊ တလကို ၈ သောင်း ၉ သောင်းပဲရတာ။ ညီမတို့က အခန်းဝင်ရင် တနာရီကို ၁၅,၀၀၀ ဆို ဆိုင်ရှင်က ၈,၀၀၀ ယူတယ်၊ ညီမတို့က ၇,၀၀၀ ရတယ်။ တနေ့ ၁၀ နာရီဝင်ရင် ၇၀,၀၀၀ ရတယ်။ ဧည့်သည်တိုက်တဲ့ အချိုရည်ဘူးကို မသောက်ဘဲ ပြန်သွင်းရင် ၃,၀၀၀ ရတယ်။ ဧည့်သည် မုန့်ဖိုးပေးတာလည်း ရှိသေးတယ်။ အားလုံးတွက်ကြည့်ရင် တလကို အနည်းဆုံး ၁၀ သိန်းကျော် ၁၅ သိန်း၊ တခါတလေ သိန်း ၂၀ ကျော်ရတယ်။”

လုပ်ခလစာမှာ ဆိုင်အခြေအနေပေါ် မူတည်ပြီး ကွဲပြားမှုရှိကာ အခန်းခ (ဆက်ရှင်) ကြေးမှာ မြို့နယ်အလိုက် ကွဲပြားတယ်လို့ ပဲခူးမြို့ KTV တခုက အမျိုးသမီးတယောက်က DVB ကို ရှင်းပြပါတယ်။

“အခန်းခ(ဆက်ရှင်)ကြေးတွေက ကွာတယ်။ ပဲခူးမှာ ကောင်မလေးတယောက်ကို ဆိုင်ဘက်က ၅,၀၀၀ ပဲပေးတယ်။ ရန်ကုန်မှာ ၇,၀၀၀ ပေးတဲ့ဆိုင်ရှိတယ်၊ ၈,၀၀၀ ပေးတဲ့ဆိုင်ရှိတယ်။ ရန်ကုန်မြို့လယ်ကောင်မှာဆို ၁၀,၀၀၀ ကျော်ပေးတယ်။”

ကုန်ဈေးနှုန်းကြီးမြင့်လာပြီး ဝင်ငွေနဲ့ထွက်ငွေ မညီမျှတာကြောင့် KTV မှာ ဝင်ရောက်လုပ်ကိုင်ရတဲ့ အမျိုးသမီးတိုင်းမှာ မိန်းမပျက်မဟုတ်ကြောင်း သူကဆိုပါတယ်။

“KTV မှာလုပ်တိုင်း မိန်းမပျက် မဟုတ်ပါဘူး။ မိသားစု စားဝတ်နေရေးကြောင့်၊ မိဘကြောင့် သားသမီးကြောင့်၊ ညီအစ်ကိုမောင်နှမ လုပ်ရသူတွေ အများကြီးပဲ။ ပိုက်ဆံများများရတဲ့လဆို ပျော်တယ်။ အဖေကို ဆေးကုလို့ရပြီ၊ မောင်လေး ညီမလေးအတွက် ကျောင်းစရိတ်ရပြီ၊ အဲလိုပဲ တွေးပျော်ရတာ။”

စားဝတ်နေရေးအရ KTV မှာ အလုပ်လုပ်ကိုင်ရပေမဲ့ စစ်တပ်နဲ့ ရဲတွေ အခန်းလာဝင်ပါက အခမဲ့ထိုင်ပေးရပြီး အမျိုးသမီးတွေကို အနိုင်ကျင့် စော်ကားတာတွေကိုလည်း ခံရတယ်လို့ ဆိုပါတယ်။

“စစ်တပ်နဲ့ ရဲတွေ KTV မှာ အခန်းလာဝင်ရင် Free ဝင်ပေးရတယ်။ Free ဝင်ပေးရတာ ပြသာနာမရှိပေမဲ့ အခန်းထဲမှာ ကောင်မလေးတွေ မဖွယ်မရာလုပ်တာ အဆိုးဆုံးပဲ။ တခါက စစ်တပ်က အရာရှိတွေ အခန်းလာဝင်တော့ ညီမတို့ မလုပ်ချင်တာ လုပ်ခိုင်းတယ်။ မလုပ်နိုင်ဘူး ပြောတော့ တဆိုင်လုံး ရိုက်ခွဲသွားတယ်။”

အာဏာသိမ်းပြီးနောက် KTV တွေမှာ ဝင်ရောက်တဲ့ အမျိုးသမီးဦးရေ များလာသလို ဆိုင်တွေလည်း များလာတယ်လို့ KTV လုပ်ငန်းရှင်တယောက်က DVB ကို ပြောပါတယ်။

“အာဏာသိမ်းပြီးတော့ ကုန်ဈေးနှုန်း အိမ်လခ စားဝတ်နေရေး ပြဿနာတွေကြောင့် KTV မှာ အလုပ်လုပ်တဲ့သူ များလာတယ်။ အပျိုတွေရော၊ တခုလပ်တွေရော၊ အိမ်ထောင်သည်တွေရော အစုံပဲ။ လုပ်တဲ့သူ များလာတော့ ဆိုင်တွေလည်း တိုးလာတယ်။”

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အိမ်ငှားခစရိတ်၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနဲ့ ဝင်ငွေ ထွက်ငွေ မမျှတတဲ့ ပြဿနာတွေကြောင့် စားဝတ်နေရေး အဆင်ပြေစေဖို့ KTV မှာ လုပ်ကိုင်ရင်း လူကုန်ကူးခံရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Photo: DVB

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013