
နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း ပလဲတိုးပြည်နယ်ရှိ တက္ကသိုလ်အသိုက်အဝန်းနေထိုင်တဲ့ရပ်ကွက် တခုကို မတ် ၂၉ ရက် ညပိုင်းက သေနတ်သမားတွေ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၁၃ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက မတ် ၃၀ ရက်မှာ ပြောပါတယ်။
ဒါဟာ လယ်သမားတွေနဲ့ နွားကျောင်းသားတွေကြား နှစ်ပေါင်းများစွာ သေကျေပျက်စီးတဲ့အထိ ဖြစ်ပွားနေကျ ပဋိပက္ခတွေထဲက နောက်ဆုံးဖြစ်ရပ်တခုပါ။
သေနတ်ကိုင်အဖွဲ့ဟာ အန်ဂွမ်ရူကူဘာခရိုင်ထဲက ဂါရီယာဝါယေးရပ်ကွက်ထဲကို ရောက်လာပြီး လူတွေကို အစီအစဉ်မရှိ ရမ်းသန်း ပစ်ခတ်သွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပလဲတိုးပြည်နယ်အစိုးရကတော့ ဒီသေနတ်သမားတွေဟာ ဘယ်သူဘယ်ဝါမှန်း မသိရသေးဘူးလို့ ပြောဆိုထားပြီး အဲဒီခရိုင်အတွင်း ၄၈ နာရီကြာ အပြင်မထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် ဂျို့စ်တက္ကသိုလ်ကလည်း တနင်္လာနေ့မှာ စတင်ကျင်းပမဲ့ စာမေးပွဲတွေကို ရွှေ့ဆိုင်း လိုက်ရပါတယ်။
“ညနေပိုင်း လူတွေစုဝေးနေချိန်မှာ အကြမ်းဖက်သမားတွေ ရောက်လာပြီး တိုက်ခိုက်ခဲ့တာပါ။ အခုဆို သေဆုံးသွားတဲ့သူ တော်တော်များများကို ရေတွက်ထားပြီးပြီ၊ တခြားလူတွေလည်း ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်”လို့ ပလဲတိုးပြည်နယ် လူငယ်ကောင်စီဥက္ကဋ္ဌ ပေါလ်မန်ချာက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက နိုင်ဂျီးရီးယားနိုင်ငံကို “အထူးစိုးရိမ်ရတဲ့နိုင်ငံ”အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ဂျီးရီးယားမှာ ခရစ်ယာန်ဘာသာဝင်တွေဟာ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပြီး အစိုးရကလည်း သူတို့ကို ကာကွယ်ပေးဖို့ ပျက်ကွက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ နိုင်ဂျီးရီးယားအစိုးရကတော့ ဒါကို ငြင်းဆိုထားပါတယ်။
Source: Reuters










