DVB Logo
Home
မြန်မာသတင်း
ရခိုင်က ‌ရှေးဟောင်းဘုရားများအား စစ်တပ်လေကြောင်းတိုက်ခိုက်မှုအပေါ် ဒေသခံများ ကန့်ကွက်
DVB
·
September 23, 2026
ရခိုင်က ‌ရှေးဟောင်းဘုရားများအား စစ်တပ်လေကြောင်းတိုက်ခိုက်မှုအပေါ် ဒေသခံများ ကန့်ကွက်
1 / 6
Photo- ဝေဟင်အောင်
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နှင့် ဝီရဌာနီ(ပေါက်တော)မြို့နယ်ရှိ ရှေးဟောင်း ဂူဝဘုရားနဲ့ တောင်းဖူးဘုရားတို့ကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၄ ရက်နဲ့ စက်တင်ဘာ ၂၁ ရက်တို့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားတွေ ပျက်စီးခဲ့မှုအပေါ် ဒေသခံ ရဟန်းတွေ၊ ဒေသခံတွေက ကန့်ကွက်မှုတွေ ရှိနေကြတာဖြစ်ပါတယ်။

စက်တင်ဘာ ၄ ရက်နေ့ ညနေက စစ်အာဏာရှင်တပ်ဟာ ပုဏ္ဏားကျွန်းမြို့ရှိ ဂူဝဘုရားကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားရင်ပြင်တခုလုံးနဲ့ ဘုရားဆင်းထုတော်တွေ ထိခိုက် ပျက်စီးခဲ့သလို စက်တင်ဘာ ၂၁ ရက်နေ့မှာလည်း တောင်းဖူးဘုရားကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘုရားသိမ်းတော်တခုလုံး ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းကလည်း ဦရာဇ်တောင်ဘုရားရဲ့ ပုရဝဏ်ရှိ ဆိုင်တန်း တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးခဲ့ပြီ၊ နောက်ထပ် ကလေး တယောက်အပါအဝင် ၃ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ကြပါတယ်။

စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲခဲ့တဲ့ ဂူဝဘုရားမှာလည်း မြောက်ဦးခေတ် အေဒီ ၁၅၃၁ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၄၅၀ ခန့် သက်တမ်းရှိပြီးဖြစ်သလို တောင်းဖူးဘုရာမှာလည်း နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိပြီး ရခိုင်ပြည်နယ်က ဉာဏ်တော်အမြင့်ဆုံး ရှေးဟောင်းဘုရားတွေထဲက တဆူလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ပုဏ္ဏားကျွန်းမြို့ရှိ ဂူဝဘုရားနဲ့ ဦးရာဇ်တောင် ဘုရား ပုရဝဏ်တွင်းကိုလေကြောင်းတိုက်ခိုက်ခဲ့သလို စက်တင်ဘာ ၂၁ ရက်နေ့မှာ ဝီရဌာနီ(ပေါက်တော)မြို့နယ်က တောင်းဖူးဘုရားတို့လို ရှေးဟောင်းသမိုင်းဝင် ဘုရားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကို လုံးဝ လက်ခံနိုင်စရာမရှိဘူးလို့ ရခိုင်ဒေသခံ ရဟန်းတပါးက မိန့်ပါတယ်။

“စစ်တပ်အနေနဲ့ ပုဏ္ဏားကျွန်းမြို့နဲ့ ဝီရဌာနီက ရှေးဟောင်းသမိုင်းဝင် ဘုရားတွေကို လေကြောင်းက ပစ်မှတ်ထား တိုက်ခိုက်လာတာဟာ ရခိုင်ပြည်သူတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ တွေ ဖျက်ဆီးလိုက်တာဖြစ်တယ်။ ရခိုင်လူမျိုးတွေရဲ့ အထွဋ်အမြတ်ထားတဲ့ ရှေးဟောင်းဘုရားတွေ ကို တမင်ဖျက်ဆီးချင်လို့ စစ်ရေးနဲ့ မဆိုင်တဲ့ ရှေးဟောင်းဘုရားတွေကို လုံးဝလက်ခံနိုင်စရာမရှိဘူး။ မင်းအောင်လှိုင်အနေနဲ့ ကိုယ်ကို သာသနာပြုမင်းလို့ ခံယူထားရင် အခြားဒေသက ဘုရားတွေကို တိုက်ခိုက်ဖျက်ဆီးတာမျိုး မလုပ်ဖို့လိုတယ်။ ဒီတိုက်ခိုက်မှုတွေအတွက် စစ်တပ်အနေနဲ့ တနေ့ကျရင် တာဝန်ယူမှု တာဝန်ခံမှု ပြုလုပ်ရမှာ” လို့ မိန့်ပါတယ်။

စစ်အာဏာရှင်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်ကို ဦးတည်ထိုးစစ်ဆင်ခဲ့တဲ့ ၄၉၂၆ စစ်ဆင်ရေး စစ်ဦးကျိုးပြီးနောက် စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ် တွေက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ရှေးဟောင်းဘုရားတွေကို ပစ်မှတ်ထားပြီး လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်တပ် စစ်တွေနဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင် မြို့နယ်က ကျေးရွာတွေကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေကိုလည်း ဆက်တိုက်ပြုလုပ်လာနေတာတွေကြောင့် အရပ်သားထိခိုက် သေဆုံးမှုတွေဟာလည်း ဆက်တိုက်မြင့်တက်လာနေပါတယ်။

စစ်အာဏာရှင်တပ်အနေနဲ့ ရခိုင် စစ်ရေးရှုံးနိမ့်လာချိန်မှာ ရခိုင်လူမျိုးတွေနဲ့ ရှေးဟောင်း အမွေအနှစ် တွေနဲ့ ဘာသာရေးအရ အထွဋ်အမြတ်ထားရှိတဲ့ ဘုရားတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး ဖျက်ဆီး လာတာကို လုံးဝ လက်မခံဘူးလို့ ပုဏ္ဏားကျွန်းမြို့ခံ လူငယ်အမျိုးသားတယောက်က ပြောပါတယ်။

“စစ်တပ်အနေနဲ့ စစ်ရေးအရ ရှုံးနိမ့်လာချိန်မှာ စစ်ရေးနဲ့ ဘာမှမဆိုင်တဲ့ ရခိုင်လူမျိုးနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အမွေအနှစ်တွေကို ပစ်မှတ်ထား ဖျက်းဆီးလာတာဖြစ်တယ်။ စစ်သားစိတ်ရှိရင် စစ်သားအချင်းချင်းတိုက်ခိုက်ကြပါလား။ သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေကို မလုပ်ကြဖို့ ပြောချင်တယ်။ လူမျိုးတမျိုးရဲ့ အမွေအနှစ်နဲ့ ဗုဒ္ဓအမွေအနှစ်ကို ဖျက်ဆီးတယ်လို့ဆိုရင် ကံ ကံရဲ့အကျိုးကို သူတို့ တန်ပြန် ခံစားရကြမှာပါ။ ဒေသခံတဦးအနေနဲ့လည်း လုံးဝ လက်ခံနိုင်မရှိဘူး” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်းက မြို့သိမ်းတိုက်ပွဲတွေ ကာလတုန်းကလည်း မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စတဲ့မြို့နယ်တွေက သမိုင်းဝင် ဘုရားတွေမှာ တပ်စွဲနေထိုင်တာ၊ ပစ်ခတ်တိုက်ခိုက်တာပြုလုပ်ပြီး ဆက်တိုက်ဖျက်ဆီးခဲ့ပါတယ်။

စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်နေ့ကစပြီး ပုဏ္ဏားကျွန်းမြို့နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှုပြုလုပ်ခဲ့ပေမဲ့ AA ရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေကြောင့် အထိနာ စစ်ဦးကျိုးပြီးနောက် စစ်တွေနဲ့ ထိစပ်မြို့နယ်တွေကို နေ့စဉ်ရက်ဆက် လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013