DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီခွဲတမ်းမရသဖြင့် မိုးစပါးစိုက်မည့် လယ်သမားများ အခက်ကြုံ 
DVB
·
March 21, 2026
Photo:DVB
Photo:DVB
Donate to DVB

မြန်မာပြည်တွင်းမှာ လတ်တလော စက်သုံးဆီရှားပါးပြတ်လပ်နေတဲ့ အကျပ်အတည်းမှာ စက်သုံးဆီ ခွဲတမ်း မရလို့ မိုးရာသီ စိုက်ဧက ၃၆ သန်းကျော်အတွက် စက်သုံးဆီပြင်ဆင်ထားဖို့ တောင်သူ လယ်သမားတွေက သတိပေးပြောပါတယ်။

စက်သုံးဆီပြဿနာဖြစ်တိုင်း လယ်သမားတွေအတွက် ခွဲတမ်း  သီးသန့်စီစဉ်ပေးလေ့ မရှိတဲ့အတွက် အခုတခေါက် စက်သုံးဆီအကျပ်အတည်းမှာတော့ လာမဲ့ ၂၀၂၆ မိုးရာသီ၊ သီးနှံစိုက်ပျိုးချိန်မှာ စက်သုံးဆီ ရဖို့ လိုအပ်နေတာပါ။

လတ်တလော တနိုင်ငံလုံးမှာ ဒေသနဲ့ သီးနှံအမျိုးအစားအလိုက် ဆောင်းသီးနှံတွေ ရိတ်သိမ်းချိန် ဖြစ်ပြီး သီးနှံရိတ်သိမ်းကာ စက်သုံးဆီစုဆောင်းလေ့ရှိတာမို့ အခုလို စက်သုံးဆီတွေ ဝယ်မရ ဖြစ်နေချိန်မှာ လယ်သမားတွေက တောင်းဆိုလာကြတာဖြစ်ပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင်မှ ပဲစိုက်တောင်သူတယောက်က “အခုစိုးရိမ်ရတာ စက်သုံးဆီပေါ့။ စက်သုံးဆီက အခု ကျနော်တို့ဆိုရင်လည်း ကြိုတင်ပြင်ဆင်ထားတာမရှိဘူး။ မရှိဘူးဆိုတာလည်း ကျနော်တို့က ပုံမှန်ပဲ တွက်ပြီးတော့ နေတာလေ။ ဒီအချိန်ပြီးသွားရင် ပဲရာသီမှာ ပဲရောင်းရင်းနဲ့ ဒီဆီ ဝယ်ထည့်တယ်။ ဆီဝယ်ထည့်ပြီး လယ်ယာမြေလုပ်ကိုင်တယ်ပေါ့။ တကယ်လို့ စက်သုံးဆီ ဝယ်လို့ မရဘူးဆိုရင်တော့ အခုခေတ်က ကျနော်တို့က နွားကျွဲလည်း မရှိတော့ဘူးဆိုရင်တော့ ရပ်ထားရမဲ့ သဘောပဲဖြစ်တာပေါ့။ လက်ရှိဖြစ်နေတာက စက်သုံးဆီမရရင် ကျနော် တို့တောင်သူတွေမှာက ဘာမှ လုပ်လို့မရတဲ့အခြေနေမှာ ရှိတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော လောင်စာဆီ အကျပ်အတည်းက မြို့အသီးသီးမှာ ဆီဆိုင်တွေ ပိတ် ထားသလို၊ မီးစက်သုံး၊ ရေတင်စက်သုံးစတဲ့အသေးသုံးနဲ့ ဆိုင်ကယ်၊ ဘေးတွဲ စတာတွေ အတွက် ဆီမထည့်ပေးနိုင်တာတွေကြောင့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဒါ့အပြင် မော်တော်ယာဉ်တွေကို QR Code နဲ့ ဆီထည့်ပေးနေပြီး တောင်သူအသုံးပြုတဲ့ ထွန်စက် တွေ၊ ရိတ်စက်တွေစတာတွေက စနစ်တကျ စာရင်းမသွင်းနိုင်တဲ့အတွက် QR Code စနစ်နဲ့ ဆီ မထည့်နိုင်ပါဘူး။

ဒါကြောင့် တောင်သူတွေအတွက် ဆီသီးသန့်ရောင်းချပေးစေချင်တယ်လို့ စပါးနဲ့ ပဲတီစိမ်းစိုက်ပျိုးသူ တောင်သူ တယောက်က တိုက်တွန်းပါတယ်။

“လက်ရှိကတော့ တောင်သူတွေ ပဲတီစိမ်းခူးဆွတ်တဲ့ရာသီဖြစ်တယ်။ အခုချိန်မှာ နွေစပါးစိုက်ကြတဲ့ အတွက် သီးနှံတွေ ရေတင်နေရတဲ့အချိန်တွေရှိတယ်။ စက်သုံးဆီကတော့ မဖြစ်မနေ လိုအပ်လာတာ တွေရှိတယ်။ အဲဒီအတွက် တောင်သူတွေ စက်သုံးဆီကို လွယ်လင့်တကူရဖို့ ကျနော်တို့ တောင်သူ တွေအတွက် သီးသန့် ရောင်းချပေးစေချင်ပါတယ်။ တချို့ကကျတော့လည်း ကြားနေရတာ တောင်သူတွေ QR Code နဲ့ အရောင်းအဝယ် လုပ်ရတဲ့အခါမှာ တောင်သူတွေရဲ့စက်တွေက QR Code ဖတ်လို့ မရဘူး၊ လိုင်စင်မရှိတဲ့အတွက်ကို။ အဲ့ဒီအတွက်လည်း တောင်သူတွေ စက်သုံးဆီ ဝယ်မရတာ ခက်ခဲနေတာကို လက်ရှိကြုံ တွေ့နေရပါတယ်။”

ပြီးခဲ့တဲ့ ပဲတီစိမ်းရာသီမှာ ပဲစိုက်ချိန်မှာ မိုးကြီးခဲ့လို့ မြေအစိုဓာတ်များပြီး အပင်ပေါက်ရာခိုင်နှုန်းတွေ ကျဆင်းခဲ့ပြီး ပဲအထွက် လျော့ခဲ့ပါတယ်။

ပဲပေါ်ချိန်မှာတော့ အထွက်နှုန်းက ထက်ဝက်အထိကျဆင်းခဲ့ပြီး ပဲဈေးကောင်းတယ်ဆိုပေမဲ့လည်း အထွက်နှုန်းလျော့လို့ အရင်းရတဲ့တောင်သူနည်းပြီး တောင်သူအများစုက အရှုံးပေါ်ခဲ့ပါတယ်။

ဒါကြောင့် လက်ရှိပဲအထွက်နှုန်းကျလို့ စိတ်ဆင်းရသလို လာမဲ့ မိုးစပါးအချိန်မှာလည်း မြေတွေ လှပ်ထား ရမှာစိုးတယ်လို့ စပါး၊ ပဲ တောင်သူ တယောက်က ပြောပါတယ်။

“ဘာတွေ ရင်မောနေရလဲဆိုတော့ မိုးစရိတ်ကို စက်သုံးဆီတွေ ကျလို့ရှိရင် မိုးထွန်ယက်မှုကို ဒုက္ခ ပေးတော့မှာ လယ်သမားတွေ။ ကျွဲ၊ နွားကလည်း မရှိဘူး။ စက်မှုလယ်ယာခေတ်ဆိုတော့ စက်ပဲ အားကိုးနေရတာဆိုတော့ စက်ကအခု ဆီမရဘူးဆိုတော့ အခက်အခဲတွေပေါ့။”

စိုက်ပျိုးရေးကို အခြေခံပြီး ပြည်ပပို့ကုန်တွေကို မြှင့်တင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောနေပေမဲ့ စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးဖို့ တောင်သူတွေကို ထောက်ပံ့အားပေးမှုတွေကတော့ မရှိသလောက် အားနည်းနေတာဖြစ်ပါတယ်။

ဒါကြောင့် လတ်တလောစက်သုံးဆီ အကျပ်အတည်းမှာလည်း စိုက်ဧက ၃၆ သန်းကျော်ရှိတဲ့ လာမဲ့ မိုးရာသီ သီးနှံစိုက်ပျိုးချိန်အတွက်လည်း တောင်သူလုပ်ငန်းအတွက် စက်သုံးဆီရရှိဖို့ ထုတ်ပြန်တာ မရှိလို့ မိရိုးဖလာလုပ်ငန်းဖြစ်တဲ့အပြင် နိုင်ငံ့အတွက် စားရေရိက္ခာ ဖူလုံဖို့ တောင်သူတွေက သတိပေး ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီစတဲ့ဒေသတွေမှာ လယ်တွေကို လှပ်မထားဖို့ ဆိုင်းဘုတ်အနီတွေနဲ့ သတိပေးထားတာဖြစ်လို့ သီးနှံဈေးရှုံးပြီး စက်သုံးဆီ မရတဲ့အခြေနေမှာ လယ်တွေကို လှပ်ထား ပြန်ရင်လည်း မိရိုးဖလာအစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ ဓားမဦးချလယ်တွေ အသိမ်းခံရမှာကိုလည်း တောင်သူတွေ စိုးရိမ်နေကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013