DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် သီးနှံပျက်စီးသွားသည့် လယ်သမားများကို အာမခံကြေးမပေးဘဲ ချေးငွေ ပြန်တောင်းနေ
DVB
·
October 17, 2026
Photo : DVB
Photo : DVB
Donate to DVB

ရေကြီးရေလျှံမှုတွေနဲ့ ၂ လတာ ကြုံတွေ့ခဲ့ရတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ လယ်ဧက သောင်းနဲ့ချီ ပျက်စီးခဲ့ပြီး စိုက်ပျိုးရေးလုပ်တဲ့ တောင်သူလယ်သမားတွေ ဆုံးရှုံးမှုများနေချိန်မှာ စစ်အာဏာရှင်အစိုးရက သီးနှံအာမခံကြေးမပေးတဲ့အပြင် စိုက်စရိတ်ချေးငွေတွေ ပြန်ဆပ်ခိုင်း နေပါတယ်။

လေးမျက်နှာမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစပြီး ငဝန်တာကျိုးမှုကြောင့် ရေမြုပ်ပျက်စီး ခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးရေးလုပ်နိုင်ဖို့အတွက် မြေယာရှင်းလင်းဖို့နဲ့ မျိုးစေ့ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ 

တောင်သူတွေ အဲဒီလို လိုအပ်နေချိန်မှာ စစ်အာဏာရှင်အစိုးရဘက်က မထောက်ပံ့တဲ့အပြင် စိုက်ပျိုး စရိတ်ချေးငွေ (အမတော်ကြေး) တွေကို ပြန်လည်တောင်းခံနေတယ်လို့ တောင်သူတွေက‌ ပြောပါတယ်။ 

အဲ့ဒီလိုပြန်တောင်းရာမှာလည်း စိုက်ပျိုးစရိတ်ချေးငွေပေးစဉ်က နုတ်ယူထားတဲ့ သီးနှံ အာမခံကြေးကို လျော့မပေးဘဲ တောင်သူတွေကို ထုတ်ချေးထားတဲ့ ချေးငွေအတိုင်း အတိအကျ ပြန်ဆပ်ခိုင်းနေတယ်လို့ တောင်သူတယောက်က ပြောပါတယ်။ 

လေးမျက်နှာမြို့နယ်က တောင်သူတယောက်က “ကျနော်တို့ ဆောင်စဉ်ကာလကတော့ သူတို့က မိုးကြီးမယ်၊ သီးနှံတွေပျက်စီးမယ်ဆိုရင် ရေလွှမ်းမိုးတွေ ဖြစ်မယ်ဆိုရင် လျော်ကြေး ပြန်ရမယ်ပေါ့။ လျော်ကြေးရတယ်ဆိုတာ ၁၀ ဧကကို ဆပ်ချိန်ကျလို့ရှိရင် ကျပ် ၃ သိန်းကို ပြန်ပြီး လျော့ပေးတယ်ပေါ့အဲ့လိုမျိုး၊ ၁၀ သိန်းဆပ်ရမဲ့ဟာကို ၇ သိန်းပဲ ဆပ်ရမှာပေါ့။ သီးနှံ အာမခံကြေး ဆိုရင် ၁၀ သိန်းပေါ့ အဲ့လိုမျိုးပြန်ဆပ်ပေးရမှာပေါ့၊ ချေးငွေက အခုပြန်ဆပ်ခိုင်းနေပြီလေ။ မနှစ်ကပဲ ဘဏ်တွေဆိုရင် အခုဆပ်နေရပြီ၊ ကျနော်တောင် ဒီနေ့ပဲ မဖြစ်မနေသွားဆပ်ရတယ်”လို့ ပြောပါတယ်။

တောင်သူလယ်သမားတွေကို စိုက်စရိတ်ချေးငွေ ထုတ်ချေးရာမှာ သီးနှံအာမခံကြေးကို ဖြတ်ယူခဲ့ပေမဲ့ အခုလို ပျက်စီးချိန်မှာတော့ တာကျိုးလို့ရေကြီးပြီး ပျက်စီးတာကြောင့်လို့ အကြောင်းပြပြီး မလျော်ဘူးလို့ တောင်သူတွေက ပြောပါတယ်။ 

လေးမျက်နှာမြို့နယ် တောင်သူတယောက်က “တောင်သူလယ်သမားတွေကတော့ ပျက်စီး ဆုံးရှုံးမှုက အများဆုံးပေါ့ဗျာ။ တောင်သူလယ်သမားတွေမှာ ဘာမှထောက်ပံ့မှုမှမရဘူးလေ။ ကျနော်တို့ တောင်သူလည်သမားက တာတမံခွန်ဆောင်ရတာလည်း ကျနော်တို့ပဲ ဆောင်ရတာ။ သီးနှံအာမခံကြေးလည်း ကျနော်တို့ တောင်သူလယ်သမားပဲဆောင်ရတာ။ ဆောင်ရ သော်ငြားလည်း ပျက်စီးလာတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အမတ်တွေ လာတဲ့အခါမှာ မေးကြည့်လိုက်တော့ သဘာဝဘေးအန္တရာယ် ဆိုရင်ပေးမယ်တဲ့ ရေကြီးတဲ့ဟာမျိုး၊ အခုတာကျိုးတဲ့ဟာကျတော့ ဘေးအန္တရာယ်တော့မှန်တယ်၊ ဒါပေမဲ့ မိုးများလို့ရေကြီးတာဟာမျိုးပဲ ပျက်စီးဆုံးရှုံးမှုက သူတို့က အာမခံကြေးပေးတာတဲ့ ဆိုတော့ ကျနော်တို့ တောင်သူလယ်သမားကတော့ ဒီတိုင်းက ဒီတိုင်းပါဘဲ ၃၊ ၄ နှစ် ဆပ်ပေတော့ပေါ့”လို့ ပြောပါတယ်။

လက်ရှိမှာ ပျက်စီးသွားတဲ့လယ်ယာတွေမှာ ပြန်စိုက်ပျိုးနိုင်ဖို့ ရှင်းလင်းတာတွေ ထွန်ယက်တာတွေ လုပ်ဖို့ကိုလည်း စက်သုံးဆီရှားပါးမှုနဲ့ ကြုံနေရပါတယ်။

စက်သုံးဆီရှားတာကြောင့် လာမဲ့သတင်းကျွတ်မှာ သီးနှံအသစ်စိုက်ပျိုးဖို့ သီးနှံမျိုး လိုအပ်ချက် တွေအပြင် စိုက်ပျိုးရေးစရိတ်တွေလည်း အဆမတန်မြင့်လာနိုင်တယ်လို့ တောင်သူတွေက သုံးသပ်ပါတယ်။

စစ်အာဏာရှင် အစိုးရဘက်ကတော့ လေးမျက်နှာမြို့နယ်ထဲက လယ်ယာဆုံးရှုံးမှုနဲ့ နေအိမ် ဆုံးရှုံးမှုတွေကို စက်တင်ဘာလအတွင်းမှာ စာရင်းကောက်ယူခဲ့ပြီး လက်ရှိအချိန်အထိ အကူအညီ တစုံတရာပေးတာမရှိသေးဘူးလို့ ဆိုပါတယ်။ 

လေးမျက်နှာမြို့နယ်မှာ ရေဘေးသင့်ခဲ့တဲ့ နေအိမ် ၇,၆၀၀ ကျော်ရှိခဲ့ပြီး လူနေအိမ်ခြေ အလုံး ၁၀၀ နီးပါးလည်း ရေထဲမြောပါပျက်စီးသွာခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ပြန်လည်ထူထောင်ရေးအတွက်ကတော့ မျိုးစပါးနဲ့ ပီလောပီနံ မျိုးရင်း တွေအပြင် ကဏ္ဍပေါင်းစုံမှာ လိုအပ်နေတယ်လို့ ပရဟိတအဖွဲ့ဝင်တယောက်က ပြောပါတယ်

“ပျက်စီးသွားတဲ့ မြေယာတွေကိုပြန်လည်ပြုပြင်ဖို့ စက်သုံးဆီတို့ စက်ယန္တရားတို့က အဓိက လိုအပ်မယ် ပြန်လည်ထူထောင်ရေးအတွက်။ သူတို့ အိမ်တွေဘာတွေ ပျက်စီးသွားတယ် ဆိုရင်လည်း နည်းနည်းပါးပါး ပြုပြင်ပေးဖို့လိုမယ်၊ အခြေခံအရဆိုရင် ယင်လုံအိမ်သာတွေ ဘာတွေ တချို့ဆိုရင်လည်း မြုပ်သွားတော့ ယင်လုံအိမ်သာတွေဘာတွေ ပြန်ဆောက်ပေးတာတွေ အဓိကလိုမယ်။ ရေတွင်းတွေဘာတွေ ရေကျတဲ့အချိန်ဆို ပြန်လည်ဖော်ထုတ်တာတို့ အဝီစိတွင်းတွေဆိုရင်လည်း ရေနဲ့ သေချာပြန်စုပ်ပြီးတော့ ရေစုပ်စက်တွေ ရေမှုတ်စက်တွေနဲ့ ပြန်လည်သန့်စင်ပေးဖို့ ပြန်လည်ရေကောင်းရအောင်လုပ်ဖို့ အဲ့တာတွေက အဓိကလိုအပ်တယ်။”

ရေဘေးဒဏ်ကြောင့် မိုးစပါးစိုက်ခင်းတွေပျက်စီးသွားတဲ့အတွက် စိုက်ပျိုးထွက်ရှိတဲ့ မိုးစပါးကို ရောင်းပြီး ဆောင်းသီးနှံပြန်စိုက်မဲ့ သူတွေလည်း ပြန်မစိုက်နိုင်တော့တာကြောင့် လာမဲ့နှစ်မှာ စိုက်ပျိုးမြေဧက ပိုနည်းသွားနိုင်တယ်လို့ တောင်သူတွေက သုံးသပ်ပါတယ်။ 

သီရိ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013