DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် သောက်သုံးရေ ရှားပါးပြီး မသန့်ရှင်းသည့်ရေများကိုပါ သောက်သုံးနေရ
DVB
·
April 1, 2026
Photo:DVB
Photo:DVB
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးရွာတွေမှာ သောက်သုံးရေ ရှားပါးပြတ်လပ်မှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေကြရပြီး တချို့စစ်ဘေးရှောင်စခန်းတွေမှာ ကျွဲ၊ နွား တိရစ္ဆာန်တွေ ရေဆင်းစိမ်တဲ့နေရာတွေက ရေတွေကို သုံးစွဲရတဲ့ အခြေအနေ ဖြစ်လာနေပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ နှစ်စဉ်ကြုံတွေ့နေကျ ရေရှားပါးမှုပြဿနာဟာ အခုနှစ်မှာ စက်သုံးဆီစရိတ် ကြီးမြင့်မှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် အရင်နှစ်တွေကထက် အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရတာပါ။

မတ်လ ပထမအပတ်ကစပြီး ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း ၉ ခုမှာ ရေလုံးဝ ပြတ်လပ်နေပြီး ရေရှားပါးမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေကြရတယ်လို့ စစ်ဘေး‌ရှောင်တွေနဲ့ စစ်ဘေးရှောင်အ‌ရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကနေ ကဏန်းတောင်အထိ ကျေးရွာပေါင်း ၁၀ ကျော်နဲ့ တောဖျားဒေသဘက်က ကျေးရွာပေါင်း ၁၀ ကျော် စတဲ့ ကျေးရွာပေါင်း ၂၅ ရွာလောက်မှာလည်း လာမဲ့  ၂ ပတ်အတွင်းမှာပဲ ရေရှားပါးမှုပြဿနာကို ဆိုးဝါးစွာ ရင်ဆိုင်လာရနိုင်တယ်လို့ ဆိုပါတယ်။

အခုလို ရေရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် စစ်ဘေးရှောင်တွေနဲ့ ဒေသခံတချို့ဟာ ကျွဲ၊ နွား တိရစ္ဆာန်တွေ ဆင်းစိမ်တဲ့ အင်းအိုင်တွေက မသန့်ရှင်းတဲ့ရေကို သုံးစွဲနေကြရတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှ ကိုခိုင်ဟိန်းထက်က “ရေရှားပါးတဲ့နေရာက ပြည်သူတွေထဲမှာ စစ်ဘေးရှောင်နေရပ်ကသူတွေ အများကြီး ပါပါတယ်။ အဲဒီဒေသက လူတွေဆိုရင် သူတို့ သုံးနေကျ ရေတွင်း ရေကန်တွေ အကုန်ခန်းခြောက်သွားတဲ့အတွက် အနီးအနားမှာရှိတဲ့ အင်းတွေ (ကျွဲ နွားတွေ ရေဆင်းစိမ်တဲ့ နေရာလိုမျိုးတွေ) က ရေကို သုံးရေအဖြစ် မလွှဲသာမရှောင်သာ သုံးစွဲနေရတာတွေ ရှိပါတယ်။ အဲဒါတောင်မှ ရေက လုံလောက်မှုမရှိဘူး။ ကိုယ်လက်ဆေးကြောဖို့အတွက်တောင် မလောက်ငဘူး၊ သောက်သုံးရေအနေနဲ့ကျတော့ အများကြီး ရှားတာပေါ့။ ဒါကြောင့် အဝေးကြီးတွေ ကို အချိန်ပေးသွားပြီးတော့ ရေရှာရတာတွေ ရှိတယ်။ တောင်ပေါ်က စိမ့်စမ်းရေတွေ ရနိုင် မလား ဆိုပြီး ရှာရတာတွေ၊ အနီးအနားမှာ ရေနည်းနည်းထွက်တဲ့ နေရာတွေကို တူးဖော်နေရတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

ရေရှားပါးမှုနဲ့အတူ မသန့်ရှင်းတဲ့ရေကို သုံးစွဲနေရကြရတဲ့အတွက် ဒေသတွင်း ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေးပြဿနာတွေလည်း ကြုံနေရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရေရှားပါးမှုကို ဖြေရှင်းနိုင်ဖို့အတွက် ရခိုင်က လူမှုရေးအဖွဲ့အစည်း ၄ ခု စုပေါင်းပြီးတော့ “ပုဏ္ဏားကျွန်းမြို့နယ် ရေအရေးပေါ်ကူညီပေးရေး စုပေါင်းပရဟိတ” အဖွဲ့ကို မတ် ၂၅ ရက်မှာ စတင်ဖွဲ့စည်းပြီး အခမဲ့ ရေလှူဒါန်းပေးနေပါတယ်။

ခုလို လှူဒါန်းတဲ့နေရာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ပစ္စည်းကိရိယာလိုအပ်မှုတွေ၊ သယ်ယူခကြီးမြင့်တာတွေ၊ စက်သုံးဆီဈေးမြင့်တက်မှုတွေ၊ အလှူငွေ မလုံလောက်တဲ့ ပြဿနာတွေကြောင့် ကူညီပေးရေး လုပ်ဆောင်ရာမှာ အခက်အခဲ စိန်ခေါ်မှုတွေ များစွာရှိနေတယ်လို့ “ပုဏ္ဏားကျွန်းမြို့နယ် ရေအရေးပေါ်ကူညီပေးရေး စုပေါင်းပရဟိတ” အဖွဲ့ဝင်လည်းဖြစ်သလို စေတနာ အာရက္ခ ပြည်သူ့အကျိုးပြုဆေးခန်းရဲ့ ပူးတွဲတည်ထောင်သူ ကိုဇင်မျိုးက ပြောပါတယ်။

“အဓိက စစ်ရှောင်ပြည်သူတွေကို ဒီလိုအခက်အခဲတွေကို ကူညီဖြေရှင်းနိုင်ဖို့အရေးက ကျနော်တို့မှာ  အလှူငွေတွေ လုံလောက်မှုမရှိတဲ့ ပြဿနာတွေ၊ ဒီအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရေရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါမှာ စစ်ရှောင်ပြည်သူတွေကို အပြည့်အဝ ကူညီ ထောက် ပံ့ ချင်တယ်။ ဒါပေမဲ့ ဒီရေကားတကား တိုက်မယ်ဆိုလို့ရှိရင် ဆီစျေးတက်တဲ့ ပြဿနာတွေလည်း အင်မတန် အခက်အခဲ ကြုံနေရပါတယ်။ ကားခတွေလည်း စျေးတက်တယ်။ ပြီးလို့ရှိရင် ဒီရေတွင်း ရေကန် တူးဖော်ဖို့ စက်ကိရိယာတွေ သုံးတဲ့အခါမှာလည်း ကျနော်တို့ ဆီရှာဖွေမရတဲ့ အခန်း ကဏ္ဍ တွေ ရှိတယ်။ လတ်တလောမှာ ရေပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ပြည်သူတွေကို ရေကားနဲ့ သွားပို့တဲ့အခါမှာ အခုလိုပြဿနာတွေ ကြုံနေရတာတွေ ရှိပါတယ်။”

ရခိုင်က ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေအနေနဲ့ အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်း မြင့်မားမှုဒဏ်တွေကြားမှာ မငတ်ရုံတမယ် ရှင်သန်နေကြရပြီး လက်ရှိမှာတော့ ရေငတ်ပြတ်မှု ပြဿနာကို တပါတည်း ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013