
အီရန်စစ်ပွဲကြောင့် စွမ်းအင်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ရေနံအရင်းအမြစ် အသစ်တွေကို ရှာဖွေနေတယ်ဆိုပြီး သမ္မတ ဖာဒီနန် မားကို့စ်က အတည်ပြုပါတယ်။
လောလောဆယ် ၄၅ ရက်တာ အသုံးပြုနိုင်တဲ့ ရေနံလက်ကျန် ရှိနေသေးသလို အစိုးရအနေနဲ့လည်း နောက်ထပ် စည်ပေါင်း တသန်း ဝယ်ယူပြီး ဖြည့်တင်းပေးမယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် ဖိလစ်ပိုင်ဟာ စွမ်းအင်ဆိုင်ရာ အရေးပေါ်အခြေအနေ ပထမဆုံးကြေညာရတဲ့နိုင်ငံ ဖြစ်လာပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေကနေ ဖိလစ်ပိုင်လိုအပ်တဲ့ ရေနံစိမ်း အားလုံးနီးပါးကို တင်သွင်းနေရတာ ဖြစ်ပြီး ဆော်ဒီအနေနဲ့ အများဆုံး ရောင်းချပေးနေတာပါ။
ပစိဖိတ်ဒေသမှာဆိုရင်လည်း ဖိလစ်ပိုင်ဟာ အမေရိကန်ရဲ့ အနီးကပ်ဆုံး မဟာမိတ်ဖြစ်တဲ့ အလျောက် ဝါရှင်တန်ဘက်က အရေးယူပိတ်ဆို့ထားတဲ့ နိုင်ငံတွေရဲ့ ရေနံကို တင်သွင်းခွင့်ရအောင် ညှိနှိုင်းနေပါတယ်။
အရှေ့အလယ်ပိုင်းပဋိပက္ခ စတင်ဖြစ်ပွားချိန်ကတည်းက ဖိလစ်ပိုင်အစိုးရဟာ လောင်စာဆီ ချွေတာ ဖို့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု လျှော့ချတာ၊ ယာဉ်မောင်းတွေကို ထောက်ပံ့ကြေးပေးတာနဲ့ အစိုးရဝန်ထမ်းတွေအတွက် တပတ် ၄ ရက်သာ အလုပ်ဆင်းခိုင်းတဲ့ စနစ်မျိုးတွေ ကျင့်သုံးခဲ့ ပါတယ်။
ဒါပေမဲ့လည်း ဆီဈေး ၂ ဆကျော် မြင့်တက်လာတာနဲ့အမျှ အငှားယာဉ်ဝန်ဆောင်မှု ပေးနေတဲ့ သယ်ယူပို့ဆောင်ရေး လုပ်သားတွေဟာ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ၂ ရက်ကြာ သပိတ် မှောက်ဖို့ စီစဉ်နေကြပါတယ်။
တချိန်တည်းမှာ သဘာဝဓာတ်ငွေ့အရည် (LNG) ဈေးနှုန်းတွေပါ တက်လာတဲ့အတွက် ဖိလစ်ပိုင်ရဲ့ စွမ်းအင်လိုအပ်ချက်အတိုင်း ပြည့်မီဖို့ဆိုရင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ အပေါ် ပိုပြီး မှီခိုရဖို့ရှိကြောင်း ဖော်ပြထားပါတယ်။
အထူးသဖြင့် ဟော်မုဇ် ရေလက်ကြားကနေ ဖြတ်သန်းသွားလာနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ အာရှတိုက်အတွက် ဖြစ်တဲ့အလျောက် အခုလိုမျိုး ပိတ်ဆို့မှုဒဏ်ကို ပိုမိုခံစား နေရတာ ဖြစ်ပါတယ်။
Source: Reuters










